CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇

မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့အစည်းသည် အရေးကြီးသလား အရေးမကြီးဘူးလား ဆိုသည့်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကြား သုံးသပ်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် အာဆီယံက မြန်မာ့အရေးမှာ ဝင်ရောက် ကိုင်တွယ်လာပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးများကနေ ဖယ်ထုတ်ထားသည်မှာ ယနေ့ထိပင် ဖြစ်သည်။

လက်ရှိအ‌ချိန်တွင် ရွေးကောက်ပွဲအလွန် ပေါ်ပေါ်လာသည့် အစိုးရသစ်တစ်ရပ်သည် အာဆီယံနှင့် ဆက်ဆံရေး အခြေအနေ ပြန်လည်ကောင်းမွန် လာနိုင်မလားဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။

မြန်မာနိုင်ငံအတွက် အာဆီယံသည် ကဏ္ဍသုံးရပ် အနေဖြင့် အရေးကြီးသည်ဟု ပြောနိုင်ကြောင်း၊ ပို့ကုန်စျေးကွက် ကို အိမ်နီးချင်း တရုတ်နိုင်ငံအား လုံးစုံ မှီတည်နေရခြင်းသည် ကောင်းမွန်သည့် အလားအလာ မဟုတ်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ခြုံပြောရမယ်ဆိုရင်တော့ အာဆီယံက မြန်မာအတွက် အရေးကြီးပါတယ်။ အရေးကြီးတယ်ဆိုတာက ဘာလဲဆိုတော့ ကျနော်တို့က ကျနော်တို့ရဲ့ ဈေးကွက်ပေါ့ ဒီ Export ဈေးကွက်ကို တရုတ်ကို လုံးလုံးမှီနေခြင်းဟာ တကယ့် တကယ်ကျတော့ မကောင်းဘူး။ ကျနော်တို့က ကုန်ပစ္စည်း တစ်ခုတည်းအတွက်လည်း မကောင်းသလို နိုင်ငံတစ်နိုင်ငံတည်းကို မှီနေရတာလည်း ကျနော်တို့က မကောင်းဘူး။ မျှတဲ့ ပုံစံမျိုးဖြစ်ဖို့ လိုတာပေါ့နော်။ အထူး သဖြင့် အာဆီယံ ဈေးကွက်ကလည်း မသေး‌ဘူးလေ။ နောက်ပြီးတော့ ကျနော်တို့က ကျောက်မီးသွေးပေါ့နော် (Clean Coal) ကို ကျနော်တို့က အနာဂတ်မှာ လုပ်ကိုလုပ်ရမယ်ဆိုတာ ရှိတယ်။ ဒီရေအားလျှပ်စစ်တွေက ‌အကောင်အထည် မပေါ်မီ ရေအားလျှပ်စစ်က တိုင်းရင်းသားဒေသတွေမှာ လုပ်ရတဲ့ ရေအားလျှပ်စစ်က သယံ ဇာတက ကျိန်စာမိနေတဲ့ သဘောကြီးဖြစ်နေတော့ အနာဂတ် မြန်မာပြည်မှာ လိမ်မာပါးနပ်တဲ့ အစိုးရတွေဆို ရင်တော့ ဒါကို ကျနော်တို့က ရေအားလျှပ်စစ်ကို အထူးသဖြင့် တိုင်းရင်းသားဒေသတွေက ရေအားလျှပ်စစ်ကို သိပ်ပြီးတော့ မမှီတည်သင့်ဘူးပေါ့။ အထူးသဖြင့် အာဆီယံ ကျောက်မီးသွေးတို့ အင်ဒိုနီးရှားတို့ ဘာတို့ကို မှီခို ရမှာလေ။ အဲဒီလိုအနေအထားမျိုးကျတော့ အရေးပါပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားဆက်ဆံရေးမှာလည်း တရုတ်ရဲ့ ဩဇာအာဏာလွှမ်းမိုးမှုကို Counter Balance လုပ်ဖို့က အမေရိကားက ကျနော်တို့ကို စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားရင် စင်္ကာပူကတဆင့် စိတ်ဝင်စားတယ် အမေရိကားကလေ။ တဆင့်ခံထားတယ် တိုက်ရိုက်မလာ ဘူး။ အဲဒီအတွက် ကျနော်တို့က အရေးပါတယ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါ့။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI (Foreign Direct Investment) အရရော သံတမန်ရေးရာအရရော အာဆီယံဟာ ကျနော်တို့အတွက် အရေး ပါတယ်လို့ပဲ ပြောချင်တယ်။ နည်းပညာ၊ နောက်ပြီးတော့ ပြင်ပအလုပ်အကိုင်၊ နောက်တစ်ခုက တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ဒီအကြမ်းဖျင်း ကဏ္ဍသုံးရပ်အရ အရေးကြီးတယ်လို့ ပြောရမှာပေါ့နော်” ဟု ပြောသည်။ 

အာဆီယံအဖွဲ့ အစည်းအဝေး တက်ရောက်သူများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာနှင့် အာဆီယံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရန် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ သဘောထားသည် အဓိကကျသည်ဟု ယူဆ၍ရကြောင်း၊ အစိုးရအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုလျှင် အခြေအနေ တိုးတက်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သူများက ထောက်ပြကြသည်။ 

မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းကိုသာ အားကိုးပြီး ရပ်တည်၍ မရနိုင်ဘူးဟု တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံက သံခင်းတမန်ခင်း အကျပ်အတည်း ဖြစ်နေတဲ့အတွက် သံခင်း တမန်ခင်း အကျပ်အတည်းကို တရုတ်တစ်နိုင်ငံတည်းနဲ့ပဲ အားကိုးပြီး ရပ်တည်လို့ မရဘူး။ ကပ်နေတဲ့နိုင်ငံတွေနဲ့ ရော အသင်းအဖွဲ့တွေနဲ့ရော ပူးပေါင်းဆောင်ရွက်မှုရှိမှ သံခင်းသံတမန်ခင်း တိုးမြှင့်နိုင်မှ မြန်မာနိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုတာ လုပ်လို့ရမှာ။ ကိုယ်တကော ကောလို့ရတဲ့ ခေတ်မဟုတ်တော့ဘူးလေ။ ဒါကြောင့် အာဆီယံက အရေးကြီးပါတယ်။ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ အဆင်ပြေရုံလောက်နဲ့ အစဥ်မချော နိုင်တာတွေ အများကြီးရှိတယ်။ အာဆီယံဆိုတဲ့ အသိုက်အဝန်း တစ်ခုလုံးနဲ့ ကိုယ်နဲ့အနီးဆုံး အသိုက်အဝန်း အုပ်စုနဲ့တောင် တည့်အောင် မပေါင်းနိုင်ဘူးဆိုရင် တခြား အစုအဖွဲ့ တွေနဲ့ တည့်အောင် ပေါင်းနိုင်ဖို့ဆိုတာ ဘယ်လိုမှ မျှော်လင့်လို့မရဘူး။ ကိုယ်ပါဝင်ပြီးသား ကပ်နေတဲ့ အစုအဖွဲ့ ကြီးနဲ့ ပထမဆုံး တည့်အောင်နေဖို့ လိုပါတယ်။ အိမ်နီးချင်းတစ်အိမ်၊ နှစ်အိမ်တည့်ရုံလောက်နဲ့ အဆင်မပြေဘူး။ အာဆီယံကို မဖြတ်ကျော်ဘဲနဲ့ ကမ္ဘာ့သံခင်းတမန်ခင်း လောကကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်း သင်း ဆက်ဆံနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေ ဈေးကွက်ရဖို့ ဆိုတာလည်း အခက်အခဲဖြစ်မှာပဲ။ အဲဒီ ထက် ပိုဆိုးတာကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း‌ရေး နိုင်ငံရေးအဆင့် လှုပ်ရှားမှုတွေကို အားလုံးကို နိုင်ငံတကာ အသိအမှတ်ပြုမှု လျော့ကျနေသမျှ နိုင်ငံသားဖြစ်ရ‌တာတောင် တည်တည်ပပ မဖြစ်ဘူး ပေါ့‌ဗျာ။ ဒါကြောင့် နိုင်ငံ သားတွေ အားလုံးရဲ့ မျက်နှာကိုကြည့်ပြီး နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေ အကုန် လုံးနဲ့ တည့်အောင် သင့်မြတ်အောင် နေထိုင်လိုက်နာ ဆောင်ရွက်တာက မြန်မာနိုင်ငံအတွက် အကောင်းဆုံး အခြေအနေ ဖြစ်လိမ့် မယ်လို့ ကျနော်တို့က ယုံကြည်တယ်” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို ကာ/လုံ အစည်းအဝေးမှာ တွေ့ရစဉ်

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများဖြင့်သာ ဆက်ဆံရေး ကောင်းမွန်နေခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “တကယ်တမ်းကတော့လေ ကမ္ဘာနိုင်ငံကြားထဲမှာ နေနေတဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာပေါ့။ ဒီအတွက်ကြောင့်မို့လို့က အကုန်လုံးကတော့ အရေးကြီးတာပဲ။ ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ လက်ရှိ အနေအထား အရကတော့ ငါတို့က တရုတ်ရှိတယ်၊ အိန္ဒိယရှိတယ်၊ ထိုင်းရှိတယ်။ ငါတို့နီးစပ်တဲ့ တိုင်းပြည်တွေနဲ့ အဆင်ပြေပြီး တော့ ဒီကနေ ဒီလိုလုပ်နေရင် ရတာပဲကွာပဲလို့ကတော့ တွေးမယ်ဆိုရင် ဘယ်သူနဲ့မှ မတည့်တဲ့ အချိန်မှာ ဆိုရင် တော့ ဒီဟာတွေနဲ့ ဒီလောက်တည့်ရင် အဆင်ပြေတာပေါ့။ သို့ပေမယ့် အကုန်လုံးနဲ့ တည့်တာ‌ ပိုကောင်းတယ်။ ကျနော်တို့ကတော့ ဖြစ်စေချင်တာ အားလုံးအရေးပါတယ်။ အားလုံးဖြစ်စေချင်တယ်။ ဒါနဲ့ပဲ ပေါင်းပြီး ဒီလိုလေးပဲ နေသွားပါတော့ မယ်ဆိုရင်တော့လည်း ဒီတိုင်းပြည်က ဘယ်လိုလုပ်သွားပြီးတော့မှ အဆင်ပြေမလဲ။ ကမ္ဘာမှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကမ္ဘာက လေးစားခန့်ညားရတဲ့ နိုင်ငံတစ်ခု‌ဖြစ်အောင် ဒီလိုမျိုးစဉ်းစားရမှာ” ဟု ပြောသည်။ 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်ဟု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် တတိယ အကြိမ် ပြည်‌ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့သည်။