CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃

နစကနှင့် တရုတ်အစိုးရကြား လားရှိုးမြို့ ပြန်လည်လွှဲအပ်ရေးကနေ တရုတ်-မြန်မာ ကုန်သွယ်ရေးပြန်စနိုင်ဖို့ အတွက် ကုန်သွယ်ရေးလမ်းပေါ်က မြို့များပြန်လည်ရရှိရေးအထိ ညှိနှိုင်းနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က MNDAA သည် လားရှိုးမြို့နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို တိုက် ခိုက် သိမ်းပိုက်ပြီး အုပ်ချုပ်ရေးထူထောင်ထားသည်။

ထို့နောက် တရုတ်အစိုးရက ဖိအားပေး ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ MNDAA မှ နစကထံ ပြန်လည် လွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေသလို မြန်မာ့တပ်မတော် လားရှိုးမြို့ ထဲ ပြန်လည် ဝင်ရောက်လာရေးကို ကြီးကြပ်ပေးနေကြောင်း၊ မြန်မာ့တပ်မတော်နှင့် MNDAA တို့ကြား နှစ်ဖက် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ထားကြောင်း တရုတ်ဘက်က ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း(ပြည်ထောင်စုလမ်းမကြီး) တစ်လျှောက်တွင်ရှိသော မြို့/ရွာများ အားလုံးမှ EAO များအနေဖြင့် တရုတ်၏ညှိနှိုင်းမှုအရ သို့မဟုတ် ဖိအားပေးမှုအရ ဖယ်ရှားပေးရနိုင်သည့် အနေအထားမျိုးအထိ ‌ရောက်သွားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 လားရှိုးမြို့ထဲ မြန်မာ့တပ်မတော် စစ်ယာဉ်တန်းများ ဝင်ရောက်လာစဉ်

၎င်းက “တစ်ခုရှိတာကတော့ သေသေချာချာ ညှိညှိနှိုင်းနှိုင်းတော့ ဖြစ်ထားတယ်၊ ဘယ်လောက်ထိသွားမှာလဲ ပေါ့နော်။ ကျ‌နော်တို့ ထင်တာကတော့ ဒါသည် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်လုံးမှာရှိသော မြို့၊ ရွာများ အားလုံးကနေမှ ရှိသမျှ EAO တွေ ဖယ်ရှားပေးရမယ်ဆိုတဲ့ဟာမျိုးအထိ ‌ရောက်သွားမယ်လို့တော့ ထင်တယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်‌ရေးတွေ ဘာတွေက ရပ်နေတာလည်း ကြာနေပြီကို။ အခုလက်ရှိ လားရှိုးဖြစ်စဥ်ကို ကြည့်ခြင်းအားဖြင့်ပေါ့နော်၊ လားရှိုးတစ်မြို့တည်းဆိုတဲ့ အနေအထားထက်ကို ပိုပြီးတော့မှ မှန်းလို့ ရတယ်ပေါ့၊ ဒါက တရုတ်နိုင်ငံ ကိုယ်တိုင်ကလည်း ဖြစ်စေချင်တယ်‌ပေါ့နော်၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးက လောလောဆယ်မှာ ရပ်ကိုရပ်ထားရသလောက် ရှိတာကိုး၊ အဲမှာ မူဆယ်ဆိုလို့ရှိရင် တော့ မူဆယ်ကတော့ ဒါ ဘယ်သူမှ မထိရဘူး၊ အစကတည်းက ပြောလိုက်တဲ့အတွက်ကြောင့်မို့ မူဆယ်ကို ဘယ်သူမှ မသိမ်းနိုင်ဘူး၊ အခုလားရှိုး ပြန်ရသွားပြီ၊ လားရှိုးနဲ့မူဆယ် ၂ ခုတည်းနဲ့လည်း ကုန်သွယ်ရေး လမ်းကြောင်းကြီးက အလုပ်မဖြစ်ဘူးပေါ့နော်၊ လက်ရှိဒီ EAO တွေ ဒီလမ်းကြောတစ်လျှောက်မှာ ရှိနေတဲ့ EAO တွေအကုန်လုံးသည် တရုတ်ရဲ့ ညှိနှိုင်းမှုအရသော်လည်းကောင်း၊ ဖိအားပေးမှုအရသော်လည်းကောင်း အဲဒီ မြို့၊ ရွာ တွေ ပေါ်ကနေမှ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ အစရှိတဲ့ဟာတွေ အကုန်လုံးကနေပြီးတော့ ဆုပ်ပေးရလိမ့် မယ်လို့တော့ မြင်တယ်ပေါ့၊ ဆိုတော့ အဲလမ်းကြောင်းကြီး တစ်လျှောက်လုံး ပွင့်အောင်တော့ နှစ်ဖက်စလုံးက လည်း ဒီဟာကို အဓိကတည်ပြီး ညှိနှိုင်းလိမ့်မယ်လို့လည်း မှန်းဆမိပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် လားရှိုးမြို့ ပြန်လည်ရရှိသည့်တိုင် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းတစ်လျှောက်ရှိ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့များ ပြန်လည် ထိန်းချုပ်နိုင်ခြင်းမရှိသေးပါက ကုန်သွယ် ရေး စတင်ရန် မဖြစ်နိုင်သေးကြောင်း ထောက်ပြကြသည်။ 

ထို့ကြောင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို တို့ကို ထိန်းချုပ်ထားသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ဆွေးနွေးမလား၊ တိုက်ခိုက်ကြမလားဆိုသည်ကို တော့ စောင့်ကြည့်ရမည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

လားရှိုးမြို့မှာ တရုတ်ရဲ့ ပစ်ခတ်မှုရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ကားကို တွေ့ရစဉ်

ပူးပေါင်းဆောင်ရွက်ရေးများ အောင်မြင်ရန် တရုတ်သည် မြန်မာနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရမည်ဖြစ်သောကြောင့် တရုတ်၏ ပါဝင်ပတ်သက်မှုသည် ရှိနေမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်နဲ့ပတ်သက်လို့ ဘာလို့ အဲ့လောက်ထိ အနီးနားမှာ ကပ်နေလဲဆိုရင်တော့ ဒါကအရှင်းဆုံးက တရုတ်သည် Border နားမှာ အကပ်ဆုံးဖြစ်တယ်၊ နောက်တစ်ချက်က အထူးသဖြင့် ဒီနယ်စပ်မှာ လှုပ်ရှားနေတဲ့ EAO တွေဟာ သူတို့ရဲ့ ခုနကပြောတဲ့ ability ဟာ တရုတ်အ‌ပေါ်မှာ အများကြီးမူတည်တယ်၊ အဲဒီတော့ တရုတ်က ထိန်းချုပ်ခြင်းအားဖြင့် ပြည်တွင်းမှာဖြစ်နေတဲ့ ပြဿနာတွေက အထိုက်အလျောက် ဖြေရှင်းပြီးသား ဖြစ်သွားမယ်၊ နောက်တစ်ချက် အ‌‌ရေးကြီးသော အချက်က မြန်မာနဲ့ တရုတ်ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီးရှိတယ်၊ ဒါတွေအောင်မြင်ဖို့ တရုတ်သည် မြန်မာနဲ့ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရမှာ အမှန်ပဲ၊ အဲဒီ တော့ အဲဒါတွေ ရှိတဲ့အတွက်ကြောင့် တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက ရှိကိုရှိနေတယ်” ဟု ပြောသည်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံအနေဖြင့် မြန်မာက သက်ဆိုင်ရာ အစုအဖွဲ့များအား နိုင်ငံရေး ပြန်လည်သင့်မြတ်ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ် ပြန်လည်စတင်နိုင်ရန် မိတ်ဆွေ သဘောဖြင့်သာ အကြံပြုနေခြင်းဖြစ်သည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။