CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ သွားလာ ၍မရဘဲ နယ်စပ်ကုန်သွယ်ရေး ရပ်နားထားရကြောင်း ကုန်သည်များထံမှ သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးစခန်းများ ရပ်နားထားရကာ လက်ရှိမှာ မူဆယ်မြို့အတွင်း၌ တချို့သော ကုန်စည်များသည် ဈေးနှုန်းမြင့်တက်မှုနှင့်လည်း ကြုံတွေ့နေရသည်ဟု မူဆယ်မှ ကုန်ကားသမားဖြစ်သူ ကိုသန့်ဇင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ကုန်သွယ်ရေးက ပိတ်ထားတယ်။ ကုန်သွယ်ရေးလမ်းကြောင်း မှီခိုပြီး လုပ်ရတော့ ကုန်သွယ်ရေးလမ်း ကြောင်း ပိတ်မှတော့ အကုန် ဆုံးရှုံးတာပေါ့ဗျာ။ ဒီဘက်တွေကတော့ ပိတ်မှာ။ ချင်းရွှေဟော် - လောက်ကိုင် ဘက် လည်း ပိတ်မှာပဲ။ လောလောဆယ် ဒီဘက်ကတော့ ကုန်ဈေးနှုန်းတော့ တက်တယ်။ ဝယ်လို့ရသေးလားဆိုတော့ ကြက်ဥ ၁ လုံး ၆၀၀/၇၀၀ ဖြစ်တယ်ဗျာ။ ဆန် ၁ အိတ်ကို ဝယ်လို့ရတဲ့ အနေအထားတွေတော့ ရှိနေသေးတယ်။ နောက် ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဝယ်လို့ရဖို့ မလွယ်ဘူးဗျ။ တချို့တွေက ဈေးတွေက လျှောက်ပြော နေတာ၊ တချို့ကျတော့လည်း ရောင်းကြတယ်၊ တချို့ကျတော့လည်း မရောင်းဘူးပေါ့” ဟု ပြောသည်။

ချင်းရွှေဟော်မြို့ကို ကိုးကန့်အဖွဲ့က ထိန်းချုပ်ပြီး အလံလွှင့်ထူနေစဉ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲကြောင့် မြန်မာ - တရုတ် ကုန်သွယ်ရေးတွင် အဓိကကျသည့် မူဆယ် - မန္တလေး လမ်းပိုင်း ပိတ်သွားသည်။

အလားတူ လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမှာ တည်ရှီသော သိန္နီမြို့ရှိ နမ္မတူချောင်းကူးတံတား မိုင်းခွဲခံရပြီး ကျိုးကျသွားခြင်းကြောင့်လည်း ကုန်တင်ယာဉ်များ ဖြတ်သန်း၍မရဘဲ ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ကုန်စည်တင်ဆောင်လာသည့် ကုန်တင်ကားများ လမ်းတွင် ပိတ်မိနေခြင်းနှင့် တချို့သော ယာဉ်များ သည် ပြန်လှည့်သွားကြသည်။

လက်ရှိတွင် မူဆယ်သို့ ကုန်တင်ယာဉ်များ သွားလာ၍ မရခြင်းကြောင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုများလည်း ရပ်တန့်နေရကြောင်း၊ ကုန်သွယ်ရေး ရပ်တန့်နေရခြင်းကြောင့် နှစ်နိုင်ငံ ထိခိုက်မှုရှိသော်လည်း မြန်မာနိုင်ငံနေဖြင့် ပို၍ သက်ရောက်မှု ဖြစ်သည်ဟု တရုတ်နိုင်ငံသို့ ဖရဲတင်ပို့နေသည့် ကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကားကိုတွေ့ရစဉ်

၎င်းက “စဖြစ်တဲ့ ရက်ကတည်းက ကျနော်တို့ ကားအတင်အပြုတွေက အကုန်ရပ်လိုက်ပြီလေ။ သွားဖို့လည်း လမ်းကြောင်းက လုံခြုံမှု မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ မသွားကြတော့တာလေ။ ဟိုမှာ ရောက်နေတဲ့ ကား တွေကတော့ အရောင်းအဝယ် ဖြစ်တယ်။ သူ့ဈေးနဲ့သူ မဆိုးဘူးပေါ့နော်၊ ဈေးလည်းရတယ်။ ၁ ကီလိုကို ဖရဲကို ၃ ကျပ်ခွဲ၊ ၃ ကျပ် ရတယ် အရည်အသွေး ကောင်းတဲ့ဟာပေါ့နော်။ နောက်ကဟာကတော့ လမ်းပန်းဆက်သွယ်ရေး အနေအထားကြောင့်ရော၊ ဘာရော ကျနော်တို့ မသွားတော့တာလေ။ ကျနော်တို့ ထိခိုက်မှုဆိုတာကတော့ အခု လက်ရှိ ကျနော်တို့နယ်စပ်နဲ့ ထိစပ်နေတာကတော့ ယူနန်ပြည်နယ်ပေါ့နော်။ ထိခိုက်မှုကတော့ နှစ်နိုင်ငံလုံး အတိုင်းအတာမှာ နှစ်ဖက်လုံး အတိုင်းအတာမှာ ရှိတယ်ပေါ့နော်။ နှစ်ဖက်လုံး အတိုင်းအတာ ရှိတဲ့နေရာမှာ တစ်ဖက်မှာတော့ ချမ်းသာတဲ့ တိုင်းပြည်ဆိုတော့ ထိခိုက်ပေမယ့်လို့ သူတို့အနေနဲ့ကျတော့ သိပ်ပြီးတော့ သိသိ သာသာ မဖြစ်ဘူးပေါ့။ ကျနော်တို့ မြန်မာဘက်အခြမ်းမှာတော့ သိသိသာသာ ဖြစ်တယ်ပေါ့နော် ကျနော်တို့ ကုန်သွယ်မှု ရပ်တန့်သွားတဲ့အခါမှာလေ။ အကျိုးဆက်က ချက်ချင်းကြီး ပေါ်မလာဘူး၊ တဖြည်းဖြည်း သက်ရောက် မှု ဖြစ်မယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကုန်စည်များ တင်ပို့မှု မရှိသော်လည်း တရုတ်နိုင်ငံမှ ကုန်စည်များသည် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ နယ်စပ်မှတဆင့်သော်လည်းကောင်း၊ ပင်လယ်ရေကြောင်းက သော်လည်းကောင်း နေ့စဉ် ဝင်ရောက်လျက် ရှိနေသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသည့် အရှေ့မြောက် စီးပွားရေး တံခါးပေါက် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၃ သန်းခန့် နေ့စဉ် ကုန်သွယ်မှု ရှိနေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။