CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၆

မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်နေသည့် ကျင်စန်းကျော့ - ဝမ်တိန်ဂိတ်ကို မေလ ၁၆ ရက်( ယနေ့) မှ စတင်ပြီး ကုန်တင်ယာဉ်များ အရေအတွက် အကန့်အသတ်မရှိဖြင့် ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း မူဆယ်ကုန်သည် များထံမှ သိရသည်။

ယခင်က မြန်မာကုန်ကားများကို တရုတ်နိုင်ငံသို့ ဝင်ထွက်ခွင့်မပြုထားဘဲ တရုတ်ကုန်ကားဖြင့်သာ တင်ဆောင် နေရခြင်းကြောင့် ခေါက်တို ကုန်တင်ယာဉ် ငှားရမ်းမှုများ ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး တစ်စီးလျှင် မြန်မာကျပ်ငွေ ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာကုန်တင်ယာဉ်များကို ဝင်ထွက်ခွင့်ပြုလိုက်ခြင်းကြောင့် ကုန်ကားငှားရမ်းခဈေးနှုန်းများ ကျဆင်း လာမည်ဖြစ်သည်ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဗမာကားတွေ ဝင်ခွင့် ထွက်ခွင့်ရလို့ရှိရင် နံပါတ် (၁) ခေါက်တိုကားခတွေ ဈေးလျော့မယ်။ သိန်း ၁၀၀ လောက် ဖြစ်တဲ့ ကားခက တန် ၅၀ ဆံ့တဲ့ တွဲကားတစ်စီး သိန်း ၁၀၀ လောက်ဖြစ်တဲ့နှုန်းက အခုဆို ၁၀ သိန်းလောက်အထိ ပြန်ကျသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဗမာကားတွေ ဝင်ခွင့် ထွက်ခွင့်ပြုတဲ့အတွက် တင်းကြပ်ထားတဲ့ စည်းကမ်းတွေကိုလည်း လျှော့မယ်ဆိုရင်တော့ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးက ယခင် ရပ်ဆိုင်းလုနီးပါး ဖြစ်သွားတဲ့ အခြေအနေထက်စာရင်တော့ အများကြီး တိုးတက်ကောင်းမွန်လာမယ်လို့ ကျနော် ယူဆပါတယ်ဗျ” ဟု ပြောသည်။

သို့သော် မြန်မာကုန်ကားများ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် မြန်မာယာဉ်မောင်းများ လိုက်ပါခွင့်မရဘဲ တရုတ်ယာဉ်မောင်းများသာ အစားထိုး မောင်းနှင်သွားကြရမည်ဖြစ်သည်။

ထို့သို့ မောင်းနှင်သွားခြင်းကြောင့် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ပြင်းထန်လာတာကြောင့် နယ်စပ် ကုန်သွယ်ရေးဂိတ် ပိတ်လိုက်ရသည့်အတွက် ကုန်တင်ယာဉ်များ နှစ်ဖက်နိုင်ငံတွင် ပိတ်မိနေမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် ယင်းကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်မှု မရှိစေရန်အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများအနေဖြင့် ကြိုတင်ဆောင်ရွက်ထားမှုများ ရှိကြောင်းလည်း ဦးမင်းသိန်းက ဆက်ပြောသည်။

“ကျနော်တို့ အရင်တုန်းကဆိုရင် ဗမာကားတွေ အစားထိုးယာဉ်မောင်းစနစ်နဲ့ မောင်းသွား၊ ကိုယ့်ကားကို ကိုယ် မမောင်းရဘူး။ ဒရိုင်ဘာကတော့ ဗမာပြည်ဘက်မှာနေရတယ်။ ကားကြီးက တရုတ်ပြည်ဘက်ကို ပါသွားတယ်။ ဒါပေသည့် ရုတ်တရက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကိုဗစ် တတိယလှိုင်း အင်မတန် ကြမ်းတဲ့အချိန် ကျနော်တို့ နယ်စပ် ဂိတ်တွေ ပိတ်လိုက်တယ်။ နယ်စပ်ဂိတ်တွေ ရုတ်တရက် ပိတ်လိုက်တဲ့အခါမှာ မြန်မာကားတွေ ရာနဲ့ချီပြီး ကျန်နေခဲ့တယ်။ ဗမာဘက်ခြမ်းမှာလည်း တရုတ်ကားတွေ ရာနဲ့ချီပြီး ကျန်နေခဲ့တယ်။ ဒီလိုဖြစ်မယ်မှန်းမသိတော့ ဘာမှ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားဘူးလေ။ အခုကျတော့ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စကို ကျနော်တို့ နမူနာယူပြီးတော့ အဲလိုမဖြစ်လာအောင် နှစ်နိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ကြိုတင် စီစဉ်ထားတာတွေ၊ ကြိုတင်ဆောင်ရွက်ထားတာတွေ ရှိပါတယ်ခင်ဗျ။ ဒီလိုကြိုတင် ဆောင်ရွက်ထားခြင်းအားဖြင့် ကတော့ ဒီလို ရုတ်တရက် ပိတ်လိုက်ရင်တောင်မှ ကျနော်တို့ကားတွေ ပိတ်မိတာ၊ ကျန်နေတာတွေ မဖြစ်လောက် တော့ပါဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ ကုန်တင်ယာဉ်မောင်းများအနေဖြင့် ကုန်ကားများကို မြန်မာဘက်ခြမ်းရှိ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ် ရေးအထိသာ မောင်းနှင်ရမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သည့်အခါတွင် တရုတ်ယာဉ်မောင်းများက မောင်းနှင်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် တရုတ်ကုန်တင်ယာဉ်များကိုလည်း မြန်မာယာဉ်မောင်းများ က မြန်မာပြည်တွင်းသို့ မောင်းနှင်ကြရမည်ဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ကျင်စန်းကျော့ဂိတ် တစ်ခုတည်းသာ ဖွင့်လှစ်ထားပြီး ဂျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ချင်းရွှေဟော်ဂိတ်နှင့် နန်းတော်ဂိတ်တို့ကို ဖွင့်လှစ် ထားခြင်း မရှိသေးကြောင်း သိရသည်။