CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၄

ပြည်ပနိုင်ငံမှ ခရီးသွားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် လက်ရှိအချိန်ထိ Tourist visa လျှောက် ထားမှု မတွေ့ရှိရသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဝင်/ထွက် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သီဟက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးအောင်သီဟက “ မတွေ့ရသေးဘူးခင်ဗျ၊ လောလောဆယ် အခြေအနေကတော့။ သက်ဆိုင်ရာ သံရုံးမှာ လျှောက်ခွင့်ရှိပါတယ်။ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ကနေပြီးတော့မှ သူတို့ သက်ဆိုင်ရာ နိုင်ငံတွေမှာ မြန်မာသံရုံး တွေရှိပါတယ်။ အဲ့ဒီ မြန်မာသံရုံးတွေ ကနေပြီးတော့ သတ်မှတ်ထားတဲ့ ကိုဗစ် စည်းမျဉ်း စည်းကမ်းချက်များနဲ့အညီ သွားပြီး တော့ လျှောက်လို့ရပါတယ် ”ဟု ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် Business Visa (Online e-visa) လျှောက်ထားမှုများအား ဧပြီ ၁ ရက်နေ့မှ စတင်ကာ လက်ခံနေခြင်းဖြစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းကိုမူ ဧပြီ ၁၇ ရက်နေ့တွင် စတင်ခဲ့သည်။

ထို့ကြောင့် Tourist visa (Online e-visa) ကိုလည်း နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မေလ ၁၅ ရက် နေ့တွင် စတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာ ထားသည်။

၂၀၂၀ ခုနှစ်ခန့်က visa-free နှင့် visa on arrival စသည်တို့ ပေးခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းမှာ တဟုန်ထိုး တိုးတက်ခဲ့ ပြီး ၂၀၂၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ်တို့တွင် ခရီးသွားလုပ်ငန်းမှာ ပြန်လည် ကျဆင်းသွားသည့်အတွက် ယခုကဲ့သို့ e-visa ဖြင့် ခရီးသွားလုပ်ငန်းအတွက် ပြန်စတင်ခြင်းသည် ကောင်းမွန်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံညနေခင်း နေဝင် ဆည်းဆာကို ကြည့်ရှုနေသော နိုင်ငံခြားခရီးသွားများ

ပြည်ပနိုင်ငံမှ Tourist များအား မြန်မာနိုင်ငံသို့ ဝင်ရောက်စေချင်ပါက visa-free နှင့် visa on arrival တို့ ပေးနိုင်ပါက ပိုမို ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

ဦးသက်လွင်တိုးက “သံရုံးတွေမှာက လူအင်အား ကန့်သတ်ချက်တွေနဲ့ တချို့တွေက ပြန်ပြီးတော့ စိစစ်နေတာပေါ့၊ Black list တိုက်တာတွေ၊ ဒါတွေကျတော့ ကြန့်ကြာတာလည်း ရှိခဲ့တာပေါ့။ တချို့နိုင်ငံကြီးတွေကျတော့ ဂျပန်တို့၊ အမေရိကတို့လို သြစတေးလျတို့လို နိုင်ငံတွေကျတော့ သံရုံးရှိတဲ့ နိုင်ငံအရှေ့ဖျား အနောက်ဖျားမှာ carrier နဲ့ ပို့ရတဲ့ စရိတ်တွေ၊ တချို့လည်း ကိုယ်တိုင်သွားရတဲ့ အချိန်တွေထက် စာရင်တော့ အွန်လိုင်းက လျှောက်ရတဲ့ e-visa က ပိုကောင်းတာပေါ့။ e-visa ကတော့ ထိထိရောက်ရောက် လုပ်နိုင်မယ်။ ခုနက payment gateway တွေကိုလည်း ပီပီပြင်ပြင် လုပ်နိုင်မယ်ဆိုရင်တော့ လောလော ဆယ် အခြေအနေမှာတော့ Tourist တွေလာဖို့အတွက် အခြေအနေ ကောင်းတစ်ခု ဖြစ်လာမယ်လို့တော့ ယုံကြည်ပါတယ်”ဟု ပြောသည်။

Online e-visa ဖြင့် Tourist visa လျှောက်သည့်အခါတွင် နိုင်ငံခြားသား ခရီးသွားများ ဘာသာစကား အခက်အခဲ မဖြစ်စေရန် မြန်မာနိုင်ငံသို့ အလာများသည့် နိုင်ငံခြားသားများ၏ ဘာသာစကားများဖြင့် လုပ်ဆောင်နိုင်ပါက ပိုအဆင်ပြေမည် ဖြစ် ကြောင်း သိရသည်။

ဦးဇင်းနှစ်ပါးနဲ့အတူ နိုင်ငံခြားခရီးသွားတစ်ဦး

ဦးသက်လွင်တိုးက “ ကျနော်တို့ tourist မှာ အခု e-visa ပေးတဲ့အတွက်ကြောင့် FIP tourist တွေ ပိုလာနိုင်တယ်ပေါ့။ FIP တွေ လာတဲ့အတွက်ကြောင့် သူက အထိန်းအကွပ်တော့ မရှိဘူးပေါ့။ သူတို့ကတော့ လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ သဘော ပေ့ါနော်။ အဲဒီအခါကျတော့ ဂိုက်လည်း မပါဘူး။ package tour အနေနဲ့လည်း ကြိုတင်ပြီးတော့ ဘယ်နေရာ ဘယ်လို သွားမယ်ဆိုတဲ့ဟာ တိတိကျကျ confirm မရှိဘဲနဲ့ဝင်လာရင်တော့ သူတို့လုံခြုံရေး အတွက်လည်း အရေးကြီးသလို ကိုယ့်နိုင်ငံရဲ့ လုံခြုံရေး အတွက်လည်း ဒါအရေးကြီးတယ်။ ကျနော်တို့ မမျှော်မှန်းနိုင်တဲ့ ကိစ္စတွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကတော့ တာဝန်ယူမှု တာဝန်ခံမှု နည်းသေးရင်တော့ ကြီးမာတဲ့ပေးဆပ်မှုတွေ အရင်းနှီးတွေကြီးတယ် တစ်ခုခုဖြစ်ခဲ့ရင်ပေါ့ ” ဟု ပြော သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသား ခရီးသွားများအတွက် မေလ ၁ ရက်နေ့မှ စတင်ကာ လေဆိပ်တွင် တစ်နာရီ ခန့်သာကြာမည့် RDT ဖြင့် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး မရှိပါက မိမိခရီးစဉ်အတိုင်း ဆက်လက် ဆောင်ရွက်နိုင်သည်ဟု ဖြေလျှော့ပေးထားသည်။