CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၄

ကချင်ပြည်နယ်ရှိ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ဗန်းမော် - လွယ်ဂျယ်လမ်းပိုင်းသည် မိုးရွာသွန်းမှု ကြောင့် လမ်းပိုင်းပျက်ဆီးကာ ယာဉ်မတော်တဆ တိမ်းမှောက်မှုများဖြစ်ပေါ်လာသည့်အတွက် အန္တရာယ်ရှိလာကြောင်း ကုန်ကားသမားများထံမှ သိရသည်။

ဗန်းမော်မှ လွယ်ဂျယ်သို့ ကုန်စည်သွားရောက်ပို့ဆောင်နေသည့် ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုမင်းဟန်က “ဒီလိုပဲ မိုးလင်းတာလေးစောင့်ပြီးတော့ သွား။ မိုးလင်းတာလေး စောင့်လိုက်၊ အခုဆို ကျနော်တို့ကား တက်နေတာ တက်လို့မရဘူး ဖြစ်နေတယ် ချောနေတာ။ မိုးလင်းတာနဲ့ နေပူပြီး ၅ ရက်၊ ၆ ရက်လောက် နေပြီးမှ တက်ရတာလေ။ မောင်းတဲ့လူ မကျွမ်းကျင်လို့ရှိရင် အမြဲတမ်း ကျတာနဲ့ သေဆုံးမှုက များနေတာ။ ဒီဘက် အသက်ကြီးကြီး ပိုင်းတွေပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားလို့ရတာ။ အငယ်ပိုင်းတွေဆို ဖြစ်တာများတယ်” ဟု CNI သတင်းဌာန သို့ ပြောသည်။

ဗန်းမော်မှ လွယ်ဂျယ်သို့ ၄၈ မိုင် အကွာအဝေးရှိပြီး ပုံမှန် လမ်းပိုင်းကောင်းမွန်သည့်အချိန်တွင် တစ်ရက်သာ မောင်းနှင်ရသော်လည်း ယခု လမ်းပိုင်းပျက်စီးနေခြင်းကြောင့် ၁၀ ရက်မှ ၁၅ ရက်အထိ ကြာမြင့်စွာ မောင်းနှင် ရသည်ဟု ကိုမင်းဟန်က ဆက်ပြောသည်။

“ပုံမှန်အတိုင်း မပျက်စီးဘူးဆိုရင်တော့ ခရီးတော်တော် တွင်တာပေါ့။ မနက်ကနေ မောင်းလို့ရှိရင် တကယ် အတင် အချလုပ်မယ်ဆိုလို့ရှိရင် ညနေတောင်မှ ဗန်းမော်ကို ပြန်လို့ရတယ်လေ။ ခုဟာက အဲလို ပြန်လို့မရဘူး။ တစ်ခေါက်ကို အခု မိုးရာသီဆိုလို့ရှိရင် အနည်းဆုံး မကြာပါဘူးဆိုရင် ၁၅ ရက်၊ ၁၀ ရက်ကျော်ကျော်လောက် ကြာတယ်။ အဲဒါတောင်မှ တစ်ခေါက်ကို ဘာမှမရှိဘူး။ ခုပုံစံဆို ၁၀ ရက်တောင်မှ မကဘူး။ အလွန်ဆုံးကြာရင် ရက် ၂၀ လောက် ကြာမယ်။ ဘာလို့လဲဆိုတော့ ခုဟာက လမ်းမှာတင် တစ်မိုင်၊ နှစ်မိုင်လောက် မောင်းရတာပဲ ရှိသေးတယ် လမ်းက ပိတ်နေရတာနဲ့၊ ကျွံရတာနဲ့၊ မှောက်ရတာနဲ့၊ လဲရတာနဲ့ အဲလိုတွေ ဖြစ်နေတာ” ဟု သူက ပြောသည်။

ဗန်းမော် - လွယ်ဂျယ် လမ်းပိုင်းသည် နှစ်စဉ် မိုးရာသီ ရောက်တိုင်း ပျက်စီးမှုများ ဖြစ်ပေါ်‌လေ့ရှိပြီး ကုန်ကားများ နွံနစ်ခြင်း၊ မှောက်ခြင်းများ ကြုံတွေ့ရလေ့ ရှိသည်။

ယင်းလမ်းပိုင်းကို မြေသားများဖို့၍ လုပ်ဆောင်ပေးမှုများရှိပေမယ့် နွေရာသီတွင် အဆင်ပြေသော်လည်း မိုးရာသီ တွင် ဗွက်များဖြစ်ပေါ်၍ ဆိုးရွားစွာ ပျက်စီးသွားလေ့ရှိကြောင်း သိရသည်။

ယခုအချိန်တွင် လမ်းပိုင်းပျက်စီးနေခြင်းကြောင့် ကုန်ကားသမားများအနေဖြင့် ကုန်တင်ရသည့် အခေါက်ရေမှာ မူလကထက် လျော့နည်းလာမှုများ ရှိသကဲ့သို့ ဝင်ငွေသည်လည်း နည်းပါးသွားခဲ့ကြောင်း ကုန်ကားသမားတစ်ဦး ဖြစ်သူ ကိုနေသန်က CNI သတင်းဌာနသို့ ပြောသည်။

“ပုံမှန်နှုန်းနဲ့ တွက်မယ်ဆိုရင်တော့ တစ်လမှ တစ်ခေါက်ပဲ ရနေတာလေ။ ဝင်ငွေပိုင်းနဲ့ကျ တော်တော် လျော့သွား တာပေါ့ဗျာ။ ခါတိုင်းကတော့ ပုံမှန်ပဲ သွားနေတာ ၇ ခေါက်၊ ၈ ခေါက်ပေါ့ တစ်လကို။ အခုကတော့ မိုးတွင်းပိုင်း ဆိုတော့ ဘယ်သူ့ကိုမှ အပြစ်မပြောပါဘူးလေ” ဟု ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ဗန်းမော် - လွယ်ဂျယ် လမ်းပိုင်းကို ပြုပြင်ရန်အတွက် တရုတ်နိုင်ငံ ပညာရှင်အချို့နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် အဆိုပါအစီအစဉ်များ ဆောင်ရွက်နေခြင်း မရှိကြောင်းလည်း သိရသည်။

ယခုလို လမ်းပိုင်းပျက်စီးနေသည့်နေရာများကို ကုန်ကားသမားများနှင့် ကားမောင်းသမားများ စုပေါင်းကာ ဖွဲ့စည်းထားသည့် ပရဟိတအဖွဲ့များက မြေဖို့ ပြုပြင်ခြင်းများ လုပ်ဆောင်နေကြရကြောင်း သိရသည်။

ဗန်းမော် - လွယ်ဂျယ်လမ်းကို အသုံးပြုကာ ကချင်ပြည်နယ်ထွက်သီးနှံများနှင့် မန္တလေးမြို့မှ ကုန်စည်များကို တရုတ်နိုင်ငံသို့ တင်ပို့၍ တရုတ်နိုင်ငံမှ ကုန်စည်များကို မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းကြသည်။