CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေဖြင့် ငြိမ်းချမ်းစေချင်ပါက လောဘမကြီးရန် လိုအပ် ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်သည် လက်ရှိ တော်လှန်ရေးမှာ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲဆိုသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က သူ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာ ကနေ ရေးသားခဲ့ရာ တရုတ်သည် ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်ပြီး ဩဇာလွှမ်းမိုးချုပ်ကိုင်နေသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်နှင့် တွေ့ဆုံညှိနှိုင်းကြရာတွင် တရုတ်၏ အကြံပြုချက်များက TNLA အတွက် ဖိအားဖြစ်ကောင်း ဖြစ်နိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “TNLA အနေနဲ့ကတော့ ကျနော့် အမြင်ကတော့ ငြိမ်းချမ်းစေချင်တယ်ဆိုရင် လောဘမကြီးဖို့ လိုအပ်တယ် လို့ ပြောချင်ပါတယ်။ ကိုယ်နဲ့ ပိုင်ဆိုင်ထားတဲ့ပစ္စည်းကို ကိုယ်ရယူတာကတော့ အပူအပင် ကင်းပါတယ်။ ကိုယ် မပိုင်ဘဲနဲ့ အတင်းအဓမ္မ ယူထားမယ်ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ့်အတွက်ကိုယ် တောက်လျှောက် အပူကြီး ပိုက်ထားသလို ဖြစ်တာပေါ့။ ဒါကြောင့်မို့လို့ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနဲ့ နေထိုင် ကြမယ်ဆိုရင်တော့ လောဘတွေလျှော့ဖို့၊ အတ္တမာနတွေလျှော့ဖို့တော့ လိုအပ်ပါတယ်။ သူ့အတွက် ဖိအားကတော့ ဘယ်လိုရှိလာမလဲဆိုရင် အခုတရုတ်နဲ့ ညှိနှိုင်းနေတယ်။ တရုတ်ကလည်း ပြောမှာပဲ မြန်မာပြည် ငြိမ်းချမ်းရေး အတွက်ကို မင်းတို့ ဘာတွေ လုပ်သင့်တယ်ဆိုတာမျိုး အကြံပြုချက်မျိုးတော့ ပြောကောင်းပြောမှာပဲ။ အဲဒီအကြံပြု ချက်က သူ့အတွက် ဖိအားဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့” ဟု ပြောသည်။

 TNLA တပ်ဖွဲ့ကို တွေ့ရစဉ် 

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ အာရက္ခ တပ်တော် (AA) တို့အပါအဝင် PDF များ၊ BPLA၊ KNDA၊ BNRA၊ MDY-PDF များ စုစည်းကာ ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်တို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် တရုတ်အစိုးရက တိုက်ပွဲများ ရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် ဖိအားပေးလာခဲ့ပြီး နောက် TNLA ကို ဖြတ် ၅ ဖြတ်လုပ်ခဲ့သည်။

အလားတူ ကိုးကန့်ကိုလည်း တိုက်ပွဲများ ပူးပေါင်းမှုမလုပ်ရန်နှင့် ထိုးစစ်ဆင်မှုများ မလုပ်ရန် ဖိအားပေးကာ လားရှိုးမြို့ကနေ ပြန်လည် ဆုတ်ခွာခိုင်းခဲ့သလို TNLA အား လက်နက်ခဲယမ်း ထောက်ပံ့မှုများ လုပ်ခြင်းကို ပိတ် ပင်ခဲ့သည်။

ထို့ကြောင့် TNLA သည် မြန်မာ့တပ်မတော်နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆-၁၇ ရက်က ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဧပြီ ၂၈-၂၉ ရက်က ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ 

လက်ရှိတွင် မြန်မာ့တပ်မတော်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ပြန်လည် ထိန်းချုပ်ခဲ့သလို ကျောက်မဲ၊ သီပေါ၊ မိုးကုတ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိနေသည်။

TNLA နဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ် ၂ ဦးကို တွေ့ရစဉ် 

လက်ရှိ အခင်းအကျင်းအရ TNLA အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို လုပ်သင့်သည်ဟု ထင်မြင်ပြီး လုပ်လိမ့်မည် ဟုလည်း မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ကျနော်တို့ ကမ္ဘာ့တင်းမာမှု အခြေအနေတွေကို ကြည့်မယ်ဆိုရင် တစ်ဖက်က တိုက်နေပေမယ့် နောက် တစ်ဖက်က ဆွေးနွေးတာရှိတယ်။ တိုက်တာနဲ့ ဆွေးနွေးတာ တပြိုင်နက်တည်း လုပ်ကြတာဖြစ်တယ် အများအား ဖြင့်။ သမိုင်းအရ လက်တွေ့အရ အကုန်လုံး လုပ်နေကြတာပဲ။ ဆွေးနွေးတယ်ဆိုတာ လူသိရှင်ကြား ဆွေးနွေးတာ လည်း ဖြစ်နိုင်တယ်။ လူသိရှင်ကြား မဟုတ်ဘဲနဲ့ တံခါးပိတ်ဆွေးနွေး၊ သတင်းလုံးဝ မထွက်ဘဲနဲ့ ဆွေးနွေး၊ မီဒီယာ တွေ လုံးဝ အသိမပေးဘဲနဲ့ ဆွေးနွေးတာမျိုးတွေလည်း ရှိတာပဲ။ အခုလည်း ရှိနေတယ်။ TNLA က လုံးဝ မလုပ်ဘူး လို့တော့ ကျနော်မသိတော့ မပြောနိုင်ဘူး။ ဒါပေမယ့် လုပ်သင့်တယ်။ လုပ်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

TNLA ၏ စစ်ရေးအပေါ် တရုတ်အစိုးရဖိအား ဆက်ရှိနေကြောင်း၊ တရုတ်အစိုးရ၏ ဖိအားကို မလွန်ဆန်နိုင်သဖြင့် ပူးပေါင်းဆောင်ရွက်နေရခြင်းများ ရှိသောကြောင့် ဆွေးနွေးပွဲ တက်မည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သြဂုတ် ၅ ရက်မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောသည်။

နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ချိန်တွင် အဓိကအကြီးမားဆုံး စိန်ခေါ်မှုမှာ ပြည်နယ်များမှ ခွဲထွက်နိုင်ရေး အတွက် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် မကွေးတပ်နယ်မှ အရာရှိနှင့် မိသားစုဝင် များအား တွေ့ဆုံ အမှာစကားပြောစဉ် ပြောကြားခဲ့သည်။