CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀

မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်၌ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးကို တပြိုင်တည်း လုပ်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း-၃ ပိုင်းခွဲ၍ ကျင်းပပြီးစီးခဲ့ပြီးနောက် ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။

ယခုပေါ်ပေါက်လာမည့် အစိုးရအသစ် အနေဖြင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အားလုံးက တဆက်ထဲ လုပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထုသည် တိုင်းပြည်ကြီး၏ တကယ့် အရှင်သခင်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးဆိုတာ အားလုံးက ဆက်စပ် နေတာပဲလေ။ တစ်ခုပြီးတစ်ခု လုပ်မယ်ဆိုတာတော့ လက်တွေ့ မကျဘူးထင်တယ်။ အားလုံးက အတူတူလုပ်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကျနော်တို့ Focus(အာရုံစူးစိုက်မှု)က ဘယ်မှာထားမလဲဆိုတာ ပိုအရေးကြီးတယ် ပေါ့နော်။ တကယ်လို့ ဥပမာ လုံခြုံရေးကို ကျနော်တို့ Focus ထားတယ်ဆိုပါစို့၊ အဲ့ဒီလိုဆိုလို့ရှိရင် လုံခြုံရေးဆိုတာ ငြိမ်းချမ်းရေး မရှိဘဲနဲ့  စိတ်ချရပါ့မလား။ ငြိမ်းချမ်းရေးဆိုတာလည်း ဒီမိုကရေစီ မပါလို့ရှိရင်ရမလား၊ ဒီမိုကရေစီ ချည်းပဲ ဖက်ဒရယ် မပါဘူးဆိုရင်ရောရမလား၊ သူကအဲ့ဒီလိုမျိုး ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ အခု လောလောဆယ် တော့ ဘယ်ဥစ္စာကို ကျနော်တို့ ဦးစားပေးရမယ်ဆိုတာမျိုး မပြောနိုင်သေးဘူးပေါ့ဗျာ။ အဓိက,ကတော့ အခု သူတို့ က ငါတို့ဟာ ရွေးကောက်ပွဲကလာတယ်၊ ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုက ရွေးတာဖြစ်တယ်၊ ပြည်သူလူထု က ဒီတိုင်းပြည်ကြီးရဲ့ တကယ့် ပိုင်ရှင်ဖြစ်တယ်၊ တကယ့် အရှင်သခင် ဖြစ်တယ်၊ ငါတို့က အရှင်သခင် မဟုတ်ဘူး၊ ငါတို့လုပ်သမျှကို ငါတို့ ဒီအရှင်သခင်ရဲ့ သဘောတူညီချက်ကို ရယူရမယ် ဒီလိုမျိုး ခံယူချက်မျိုး ရှိဖို့လိုပါတယ်။ ဒီလိုမျိုး ခံယူချက်မျိုးရှိ တယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ ပထမပိုင်းမှာ အခက်အခဲတွေ တွေ့ကြုံနိုင်ပေမယ့်  ရေရှည်မှာတော့ သူက အင်မတန် လုံခြုံတဲ့၊ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီလည်းကျတဲ့၊ ဖက်ဒရယ်လည်း ဖြစ်တဲ့နိုင်ငံကို ကျနော်တို့ ရမှာပေါ့ဗျာ။ ဒီလိုမျိုး အခြေခံ မဟုတ်ဘဲနဲ့ တိုင်းပြည်ကို ငါတို့သာ ပိုင်ဆိုင်တယ်၊ ငါတို့ သဘောအတိုင်း လုပ်မှာကို ပြည်သူတွေ အားလုံးက လက်ခံရမယ်၊ မလက်ခံလို့ မရဘူးဆိုတဲ့ ခံယူချက်မျိုးနဲ့ လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ ဒါကိုအခု အုပ်ချုပ်နေတဲ့ နိုင်ငံခေါင်းဆောင်တွေကလည်း သဘောပေါက်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်”ဟု ပြောသည်။

Peace Talk ကျင်းပစဉ်

လာမည့် အစိုးရသစ် အနေဖြင့် ၅ နှစ်တာ ကာလအတွင်း ပထမဆုံး ၂ နှစ်ခွဲတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေး ကို ဦးစားပေး တည်ဆောက်သင့်ပြီး ကျန် ၂ နှစ်ခွဲ၌ လူမှုစီးပွားရေးအား ဦးစားပေး တည်ဆောက်သင့်သည်ဟု ထောက်ပြသူများလည်း ရှိနေသည်။

သို့သော် တချို့သော စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကတော့ အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးနှင့်တပြိုင် တည်း စီးပွားရေးနှင့် ပညာရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း ထောက်ပြသူများလည်း ရှိနေပြန်သည်။

အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးစားမည်ဆိုလျှင် ဖက်ဒရယ်ကိစ္စများကို အဓိက ဆွေးနွေးရမှာ ဖြစ် ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးသဘောတူညီချက်များ ရယူကြစဉ်

၎င်းက “အဲ့ဒါ ဒီမိုကရေစီနဲ့၊ ဖက်ဒရယ်နဲ့၊ ငြိမ်းချမ်းရေးနဲ့ဟာက ကျနော်တို့က ဒွန်တွဲနေတာဗျ။ ခေါင်းနဲ့ပန်းလိုပဲ ဒွန်တွဲနေတဲ့အတွက် တစ်ခုပြီးမှတစ်ခု လုပ်မယ်ဆိုတဲ့ ကဏ္ဍကတော့ သိပ်အဆင်မပြေဘူးလို့ ကျနော် မြင်ပါတယ်။ ဘာလို့ဆိုတော့ ပထမ ၂ နှစ်ခွဲမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားမယ်ဆိုတော့ ဒီငြိမ်းချမ်းရေးအတွက် ကြိုးစားရင်း နဲ့ ဒီဖက်ဒရယ် ကိစ္စတွေကိုပဲ အဓိက ဆွေးနွေးရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ လွတ်လပ်ရေး ရစဉ်အခါတည်းက တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီအခါကြတော့ ဒီငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ကိစ္စမှာ အတူတူ ဒွန်တွဲပြီးမှ ဖက်ဒရယ်လစ်ဇင်ရယ် အပြိုင်သွားမှာပါ။ နည်းလမ်းတွေကတော့ တချို့ ချပြသင့်တဲ့ကိစ္စ ရှိ တယ်၊ မချပြသင့်တဲ့ကိစ္စ ရှိတယ်၊ ပြည်သူကို ချပြသင့်တာတော့ ပိုပြီးမှ ကောင်းပါတယ်။ မချပြသင့်တဲ့ လုပ်ငန်း တွေကျတော့ ဆက်လက် အကောင်အထည် ဖော်ပေါ့နော်။ ဒါအခု ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ ဒီ NCA စာချုပ်ရှိတယ်။ NCA စာချုပ်ရဲ့ အားနည်းချက်၊ အားသာချက်ကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ပြန်လည် သုံးသပ်ပြီးမှ တကယ်လို့ ဒီလက်နက်ကိုင် အဖွဲ့အစည်းကတိုက်ရင် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ NCA စာချုပ်က ဒါတွေအားနည်းတယ်၊ ဒါတွေ အားနည်းတယ်။ ပြည်သူကို ဒီကိစ္စ အချက်အလက်တွေက ပြည်သူတွေကို အကျိုးပြုတယ်ဆိုရင်တော့ ဒီဘက်က ပြင်ဆင်ချက်တွေကို လက်ခံပေးဖို့တော့ ကျနော် ပြောချင်ပါတယ်။ အဲ့ဒီခါ ကျတော့ ကျနော်တို့ ဒီငြိမ်းချမ်းရေးနဲ့ NCA သွားမယ်။ NCA မှာကျတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေပါတယ်၊ ဖွဲ့စည်းပုံ အပါအဝင် အခြားဥပဒေများကိုလည်း ပြင်ဆင်ဖြည့်စွက် ပေးနိုင်တယ်ဆိုတဲ့ဟာကိုတော့ NCA စာချုပ် အပိုဒ် ၂၆ မှာ ရေးသားထား ပြီးသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါလွှတ်တော်ထဲမှာလည်း ပြောမယ်၊ ဒီ NCA လမ်းကြောင်းက တဖက်က ဖော်ဆောင်ကြရမှာပေါ့”ဟု ပြောသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများအား အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

သို့သော် လာမည့် အစိုးရသစ်သည် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသည့် ခေတ်အဆက်ဆက်က ဖြစ်ပေါ်ခဲ့သော အုပ်ချုပ်ရေး အခြေအနေ အရပ်ရပ်ကို သင်ခန်းစာယူ၍ အစိုးရ၊ လွှတ်တော်၊ တရားရေးကို ကိုင် တွယ်၍ အုပ်ချုပ်လာနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားရေး ပေါ်လစီများကို စောင့် ကြည့်ရအုံးမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။