CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းနေသည့်တိုင် လက်နက်ကိုင်များ လိုချင်တာ ယူမည်ဆိုသော အတွေးရှိနေသည့် ကာလပတ်လုံး မြန်မာပြည် မငြိမ်းချမ်းနိုင်ဘူးဟု သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေး ရပြီးနောက် သုံးလအကြာမှာ ပြည်တွင်းစစ် ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
လက်နက်ကိုင် အဖွဲ့အစည်းများတွင် ရည်ရွယ်ချက် မျိုးစုံရှိနေကြောင်း၊ လက်နက်ကိုင်လမ်းစဥ်နှင့် လိုချင်သည်ကို ရအောင်ယူမည်ဟု တွေးနေသည့် ကာလပတ်လုံး မြန်မာပြည် ငြိမ်းချမ်းသွားရန် သိပ်မရှိဘူးဟု သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ချင်းညီနောင်အဖွဲ့(CB)နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ လိုင်ဇာမြို့မှာ တွေ့ဆုံစဉ်
၎င်းက “လက်နက်ကိုင် အဖွဲ့အစည်းမှာက ရည်ရွယ်ချက် မျိုးစုံရှိကြပါလိမ့်မယ်။ အထူးသဖြင့်တော့ ဒီ NCA ထိုး ထားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် NCA မထိုးထားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် NCA ထိုးထားတဲ့ အဖွဲ့တွေကတော့ တော်တော် လေးကို ရှင်းသွားတာပေါ့နော်။ နိုင်ငံရေးလမ်းကြောင်းကနေ သူတို့သွားမယ်ဆိုတဲ့ သူတို့ရည်ရွယ်ချက်ကို သူတို့ ဖော်ပြထားပြီးသား။ ငြိမ်းချမ်းရေးယူမယ် သူတို့နယ်မြေဒေသ တိုးတက်အောင်လုပ်မယ် လွှတ်တော်နဲ့ နိုင်ငံရေးနဲ့ သွားကြတာ ပေါ့။ ဒါပေမယ့် NCA မထိုးထားတဲ့ အဖွဲ့တွေကြတော့ သူတို့ကိုယ်တိုင်ကိုက ရွေးချယ်မှုက နှစ်ဖက် ဖြစ်နေတယ် နည်းနည်း အင်အားစုပြီးတော့ လက်နက်ကိုင်တွေရဲ့ မြို့ရွာတွေကို ခြိမ်းခြောက်နိုင်တဲ့ အနေအထား ရှိတယ်ဆို လေသံကတစ်မျိုး ထွက်လာနိုင်တယ်၊ CRPH တို့၊ NUG တို့ အောက်ကနေ ပေါ်ပေါက်လာတဲ့ PDF က တော့ သူတို့ ခေါင်းစဥ်က စသွားကတည်းကိုက တော်တော်လေး လွဲနေတာ သူတို့ ဒီလမ်းကြောင်းကိုမှ မဖြစ်မနေ သွားမယ်လို့ စဥ်းစားထားရင်တော့ ဘယ်သူက လမ်းကြောင်း အမှားရွေးနေလဲဆိုတာတော့ စဥ်းစားတတ် တွေးတတ်သူဆိုရင် သိကြပါလိမ့်မယ်။ လက်နက်ကိုင်လမ်းစဥ်နဲ့ ဒီကိုယ်လိုချင်တဲ့ဟာကို ရယူမယ် တွေးနေတဲ့ ကာလပတ်လုံးမှာတော့ ကျနော်တို့ ဒီလက်နက်ကိုင် ပဋိပက္ခက မြန်မာပြည်မှာ ငြိမ်းချမ်းသွားဖို့ သိပ်မရှိဘူးပေါ့” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ယောတပ်တော်၊ မြင်းခြံ PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော် လှန်ရေးအင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တော်လှန်ရေးသည် မိမိတို့အတွက် ကြီးပွားခြင်းလား ပြည်သူများ ကြီးပွားခြင်းလား စဉ်းစား၍ တော်လှန်ရေးကို ဆက်လုပ်သင့်/မသင့် စဉ်းစားစေလိုကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ယောတပ်တော်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ လိုင်ဇာမြို့မှာ တွေ့ဆုံစဉ်
၎င်းက “ကျနော် စိုးရိမ်တာ ဘာလဲ အဲတာ NUG နဲ့လည်း တွေ့တယ်ဆိုတဲ့ အခါကြတော့ NUG ကလည်း ဒီဘက်က လုပ်တဲ့ ရွေးကောက်ပွဲ မဖြစ်မနေ ဖျက်မယ်လို့တော့ သူက ပြောထားတာရှိတယ်။ ရွေးကောက်ပွဲကိစ္စ သိပ် မဆွေးနွေးဘူး ဆိုပေမယ့် ကျနော် စိုးရိမ်တာတော့ ရွေးကောက်ပွဲကိုတော့ တစ်နည်းတစ်ဖုံတော့ နှောင့်ယှက် လာလိမ့်မယ်လို့တော့ ကျနော် နည်းနည်းမြင်တယ်ပေါ့နော်။ အဲမှာ လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံတွေ့ကြတဲ့ ကဏ္ဍကတော့ KIA က ဗျူဟာတစ်ခုကို ကျင့်သုံးလိုက်ပြီလားဆိုတဲ့ ဥစ္စာကိုလည်း ကျနော်တို့ စဉ်းစားရမှာပါ။ သူတို့ ရပ်တည်မှုအတွက် သူတို့ ဘယ်လိုရပ်တည်ကြမလဲ ဘယ်သူဦးဆောင်မှု အခန်းကဏ္ဍနဲ့ သွားမယ်ဆိုတာ ယနေ့ အချိန်ကြမှ သူတို့ခေါင်းဆောင်ကို ရွေးချယ်ဖို့ ရှာနေတဲ့ ကဏ္ဍလေးတွေလည်း သိရတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်မှာ တော်လှန်ရေးက တအားကြီးကို အသက်ရှည်လာပြီဆိုတော့ ဒုက္ခရောက်ကြတဲ့ သူတွေ က ပြည်သူတွေဆိုတဲ့ အခါကြတော့ ဒီရွေးကောက်ပွဲကိုလည်း ဖျက်ဖို့မသင့်သလို သူတို့တော်လှန်ရေးကိုလည်း ပြန်သုံးသပ်သင့်ပါပြီ။ ငါတို့တော်လှန်ရေးက ငါတို့ကြီးပွားတာလား ပြည်သူတွေ ကြီးပွားတာလား။ ပြည်သူကလည်း ဒုက္ခရောက်ရတယ်။ ဒီတော်လှန်ရေးကြီးကို ဆက်လုပ်သင့် မလုပ် သင့်ဆိုတာ သူတို့စဉ်းစားစေချင်တာပေါ့”ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO) တချို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)နှင့် နွေဦး တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ကြေညာထားသည်။