CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အစည်းများသည် အာဏာရှင်စနစ်ကို တော်လှန် သည်ဟု ပြောနေသော်လည်း ၎င်းတို့သည် အာဏာရှင်စနစ် ပုံစံအတိုင်း ပြန်လည်ကျင့်သုံးလာနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလာကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိနေသည့်တိုင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက် ပိုင်း ပြောင်းလဲသွားသော နိုင်ငံရေး အခင်းအကျင်းနှင့်အတူ နောက်ထပ် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲခြင်းနှင့် နိုင်ငံရေးပြဿနာကို အဖြေရှာခြင်းအား သွားနိုင်သည့် စာချုပ်မျိုးကိုတော့ မလုပ်နိုင်သေးပေ။

အာဏာရှင်စနစ်ကို မကြိုက်၍ တော်လှန်ခြင်းဟု ပြောနေသည့်တိုင် ကိုယ်ကိုယ်တိုင် အာဏာရှင်ဖြစ်လာနေခြင်း ကို သတိပြုရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီ တည်ဆောက်မည်ဆိုပြီး တိုင်းရင်းသားများကြား ခွဲခြား ဆက်ဆံနေခြင်းကိုလည်း သတိပြုရန် လိုအပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီ တောင်းဆိုနေကြစဉ်

၎င်းက “ကျနော် အနီးကပ်ဆုံးမြင်ရတဲ့ KIA ကိစ္စကိုပဲ ဥပမာထားပြီး ပြောကြည့်တော့ သူတို့က ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သူတို့ရအောင် တိုက်သွားမယ် ဆိုပြီးလုပ်နေတာ သူတို့အောက်ခြေမှာတော့ တိုင်းရင်းသား ခွဲခြား ဆက်ဆံမှုက အင်မတန်ကြီးတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒီသမာသမတ်ကျကျ ကျင့်သုံးဖို့ လိုပါတယ်။ အခု လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့အစည်း အားလုံးကိုကြည့် အာဏာရှင်စနစ်ကို တော်လှန်တယ်လို့ ပြောထားကြ တယ် အာဏာရှင်စနစ် ပုံစံအတိုင်းကို ပြန်လည်ကျင့်သုံးလာကြတယ်။ တချို့တွေကြ ဒီထက်မက ပိုဆိုးပါတယ်၊ ကိုယ်မကြိုက်ဘူး။ ကိုယ်တော်လှန်မယ်ဆိုရင် ကိုယ်မလုပ်ဖို့လည်း အရမ်းလိုအပ်တယ်။ ငါလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်မို့ နိုင်ငံကြီး ပျက်စီးသွားမယ် နိုင်ငံမျက်နှာ ပျက်သွားမယ်ဆိုရင် မလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်နက်ကိုင်ပြီးမှ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ကိစ္စလေးတွေရှိနေတဲ့ အခါကြတော့ ဒီအဖွဲ့အစည်းက ဘယ်လိုပြောမယ်၊ ဘယ်လိုဆွေးနွေးမယ်။ လက်နက်ကိုင် ချုပ်တည်းရေးအတွက် ဘယ်လိုလုပ်မယ် မချုပ်တည်း နိုင်ဘူးဆိုရင် တစ်ဖက်က တိုက်စရာရှိရင် တိုက်ရပါလိမ့်မယ်။ လွတ်လပ်ရေးရစဉ် အခါတုန်းက လက်နက်ကိုင် အဖွဲ့ အစည်းက ဆယ်ဂဏန်း မပြည့်ဘူး။ ယနေ့ အချိန်မှာတော့ လက်နက်ကိုင်အဖွဲ့ တစ်ရာကျော် ရှိလာပြီဆိုတဲ့ အခါကြတော့ ပြည်သူမှာ ဝန်ထုပ်ဝန်ပိုး အရမ်းကြီးသွားပြီ”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြားလည်းကောင်း၊ လက်နက်ကိုင် အင်အားစုများ အချင်းချင်းကြားလည်းကောင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

အာဏာရှင်စနစ်ဆိုသည်က အဖက်ဖက်ကလာနိုင်ပြီး ဒီမိုကရေစီစနစ် ပြန်လည် မထူထောင်လျှင် အာဏာရှင် စနစ်ကို တိုက်လည်း အာဏာရှင် ပြန်ပေါ်လာမှာပဲဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/ NCA - S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်များ၊ တပ်မတော်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများကို တွေ့ရစဉ် 

 ၎င်းက “အာဏာရှင်စနစ်က စစ်တပ်ကလည်းလာနိုင်တယ်၊ အရပ်သားကလည်းလာနိုင်တယ်၊ စော်ဘွားတွေ၊ ကရင်တွေ ဆီကလည်း လာနိုင်တယ်။ စနစ်တစ်ခု မကောင်းရင်တော့ ဒီစနစ်ကိုပြောင်းဖို့ တော်လှန်ရေးလုပ်တာ က မှန်ပါတယ်။ အာဏာရှင်စနစ်ကို ဖြုတ်ပြီးတော့ အာဏာရှင် နောက်တစ်ယောက် စနစ်တစ်ခု ပြန်တက်လာ ရင်တော့ မထူးဘူးပေါ့။ လူပဲပြောင်းပြီးမှ စနစ်မပြောင်းဘူးပေါ့။ အာဏာရှင်စနစ်ကို ဖြုတ်တယ်ဆိုရင် အာဏာရှင် စနစ်ရဲ့ ရန်သူဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို ပေါ်ထွန်းအောင်လုပ်ရမှာ အာဏာရှင် မရှိတော့ဘူးဆိုရင် နောက်ထပ် ပြန်မလာတော့ဘူးပေါ့။ ဘာလို့ဆို ဒီမိုကရေစီက ခိုင်သွားတာကို အဲ့တာ ဒီမိုကရေစီစနစ်ကို ပြန်မထူထောင်ဘူး ဆိုရင် အာဏာရှင်စနစ်ကို တိုက်လည်း အာဏာရှင် တစ်ယောက်မရှိလည်း နောက်တစ်ယောက်ကလည်း အာဏာ ရှင် ပြန်ဖြစ်လာမှာပဲ ကျနော်တို့ ဗမာပြည်မှာ အာဏသိမ်းတာ ၃ ခါရှိပြီ ကျနော်တို့ဒီ ၂၀၁၀ ကနေ ၂၀၂၀ ပေါ့ ၁၀ နှစ်မှာ ဒီမိုကရေစီ အ‌ရည်အချင်းနဲ့ လုပ်နည်းလုပ်ဟန်ကို ခိုင်မာအောင် မလုပ်နိုင်ဘူးလို့ အဲဒီလို ယူဆတယ်။ အဲဒီ မှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက မလုပ်နိုင်တဲ့ အခါကြတော့ နောက်ထပ် အပြောင်းအလဲ ပြန်ဖြစ်လာတာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား ဖြေရှင်းပေးရန် တောင်းဆိုနေသည့်တိုင် အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့ တပ်မတော်မှ ဖြုတ်ချခဲ့သည်။

ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ မြန်မာ့တပ်မတော်က အုပ်ချုပ်လာခဲ့ရာ လက်နက် ကိုင် အင်အားစုများမှ တော်လှန်ရေးကို ဆင်နွှဲကာ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည်။

အဆိုပါ နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ ငါနှင့်မတူ ငါ့ရန်သူဆိုသော မူဝါဒကို နှစ်ဖက်စလုံးက ကိုင်ဆွဲ၍ ဖိနှိပ်မှု များ ပြုလုပ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။