CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇

မွတ်ဆလင်လက်နက်ကိုင် အာဆာ(ARSA)အဖွဲ့က ရခိုင်ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုလာမှုက ဘာကြောင့် ဖြစ်နိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

အာဆာ(ARSA)အဖွဲ့ ၉ နှစ်မြောက် နှစ်ပတ်လည် စုဝေးပွဲတွင် ရခိုင်ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်သွား မည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုခဲ့မှုသည် ၎င်းတို့ကို ထောက်ခံအားပေးနေသော လူထုအတွက် မျှော်လင့်ချက်ပေး၍ စည်းရုံးသည့် လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာ‌အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ်ပေါ့။ သူတို့နဲ့ သဟဇာတဖြစ်တဲ့ သူတို့ကို ထောက်ခံတဲ့ လူထုဆိုတာ ရှိဖို့လိုတာပေါ့။ လူထုထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊ လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီ၊ ဒါတွေကတော့ လူထုရဲ့ နိုင်ငံရေး ရှေ့မျှော်မှန်းချက်ကို ပုံ‌ဖော်ပေးတာပေါ့။ အဲဒီတော့ ARSA ဖြစ်ဖြစ်၊ တခြားဘင်္ဂါလီ community နဲ့ပတ်သက်တဲ့ နိုင်ငံ‌ရေးပါတီပဲဖြစ်ဖြစ် သူ့မှာ လူထုရှိတယ်။ သူ့လူထုရဲ့ ရှေ့ရေးနဲ့ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့အစည်းလည်း လက်နက်ကိုင် အဖွဲ့အစည်း အလျောက်ပေါ့။ နိုင်ငံရေး ပါတီသည် နိုင်ငံရေးပါတီ အလျောက်ပေါ့။ စည်းရုံးကြတယ်။ မျှော်လင့်ချက်လေးတွေ ပေးကြတာပေါ့။ ဒါကတော့ လုပ်ရိုးလုပ်စဉ်ပါပဲ။ အဲဒီတော့ ARSA သည်လည်း အဲဒီလိုမျိုး မျှော်လင့်ချက်ပေးမှာပေါ့” ဟု ပြောသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်

ယခုအခါ အာဆာ(ARSA)အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားနှင့် နတ်ချောင်းချာရီ အနီးအနား တစ်ဝိုက်တွင် လေ့ကျင့်ရေး စခန်းအသစ်များ တည်ဆောက်ထားကြောင်းလည်း ရခိုင်သတင်းဌာနများ၏ ဖော်ပြထားချက်အရ သိရသည်။

လက်ရှိတွင် အာဆာ(ARSA) အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်က AA တပ်စခန်းများကို ချောင်းမြောင်း တိုက်ခိုက် မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ ဒေသခံ ပြည်သူများ ကို ခြုံခိုတိုက်ခိုက်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် အာဆာ(ARSA)အဖွဲ့ အနေဖြင့် ဒေသတစ်ခုကို သိမ်းပိုက်ရယူမည်ဆိုပါက မောင်တောနှင့် ဘူးသီးတောင်မြို့တို့သာ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထင်မြင်ယူဆထားကြသည်။

သို့သော် အာဆာ(ARSA) အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်နိုင်ရန်မှာ မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြိမ်းဝါးတာကတော့ ဘယ်သူမဆို ကြိမ်းဝါးလို့ရတာပဲ။ အဲဒီတော့ တွေးတာပေါ့ ဘယ်လောက်လုပ်နိုင် မလဲလို့။ သူတို့ အသက်ရှင်ဖို့တောင် တော်တော် ခက်နေပုံရတယ်လေ။ AA နဲ့လည်း အဆင်ပြေတာမှ မဟုတ်တာ။ AA ကလည်း သူ့ရဲ့အောင်ပွဲတွေက ဆက်တိုက် ရနေတာပဲဖြစ်တာကို။ ကျမကတော့ သိပ်မထင်ပါဘူး။ ပါးစပ်က ဒီလိုပဲ ပြောကြတာပါပဲ ပြောပါစေ” ဟု ပြောသည်။

လက်ရှိတွင် AA သည် မောင်တောမြောက်ပိုင်းကို နယ်မြေရှင်းလင်းရေး ဦးစားပေး လုပ်ဆောင်နေပြီး မေယုတောင် ကြော တစ်လျှောက်တွင်လည်း တပ်စုခွဲကာ စခန်းချ ကင်းစောင့်ခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ဖြင့် အာဆာ(ARSA) အဖွဲ့၏ လှုပ်ရှားမှုများကို ရှင်းလင်းနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တစ်နေရာကို တွေ့ရစဉ် 

အာဆာ(ARSA)အဖွဲ့၏ ပြဿနာကို AA ဘက်မှ ကိုင်တွယ်ဖြေရှင်းပုံသည် အရမ်းသိမ်မွေ့လွန်းနေကြောင်း ‌ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဲဒါကတော့ အရမ်းသိမ်မွေ့တယ်ကွာ သူတို့။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ  လုပ်ကြပါလိမ့်မယ်။ ဆရာ တို့ မပြောချင်ပါဘူး အဲဒါတော့။ တို့ကတော့ ဖေ့စ်ဘွတ်ခ်မှာ ရေးလိုက်သေးတယ်။ ခိုးဝင်တွေနဲ့ တို့လက်မတွဲဘူး လို့။ ရခိုင်တွေနဲ့ ယဉ်ကျေးမှုချင်းတူတဲ့ လူတွေနဲ့ပဲ လက်တွဲမယ်လို့ အဲဒီလိုမျိုး ရေးလိုက်ပါသေးတယ်။ အဲဒီအတိုင်း ပါပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအနက် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့တို့တွင် အာဆာ(ARSA)အဖွဲ့၏ တိုက်ခိုက်မှုများသည် ၂၀၂၅ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာခဲ့ ကြောင်း၊ မေလမှ အောက်တိုဘာလအတွင်း ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သား ၅၀ ဝန်းကျင် သေဆုံး ခဲ့ကြောင်း ရခိုင်သတင်းဌာနများက ဖော်ပြထားသည်။

အာဆာ(ARSA)အဖွဲ့သည် ရခိုင်ပြည်နယ်၌ ၂၀၂၅ ခုနှစ်အတွင်း ယခင်ကထက် ပိုမိုလှုပ်ရှား လာနေခြင်းဖြစ်ပြီး အရပ်သားများကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ အာဆာ(ARSA)အဖွဲ့တို့ ပိုမိုလှုပ်ရှားလာမှုအပေါ် AA အနေဖြင့် ထိရောက်စွာ ဖြေရှင်းနိုင်မှု ရှိပါ့မလားဟုလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေသည်။