CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် အာရကန်ရိုဟင်ဂျာ ကယ်တင် ရေးအဖွဲ့(ARSA-အာဆာ) ပိုမိုလှုပ်ရှားလာနေသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ လူထုမထိခိုက်စေရန် စီမံ ဆောင်ရွက်ပေးသင့်ကြောင်း Roma Time Organization မှ တည်ထောင်သူ ကိုကျော်လင်းက CNI သတင်းဌာန သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်များ နေရပ် မပြန်နိုင်သေးကြောင်း၊ ထိုအခြေအနေမှာပဲ ARSA သည် ရခိုင်အနောက်ပိုင်းဒေသမှ စတင်ပြီး ယခုကဲ့သို့ ပိုမိုလှုပ်ရှားလာမှုမှာ ဒေသခံလူထုအတွက် စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။

ကိုကျော်လင်း “ဒါကတော့ တာဝန်ယူမယ်ဆိုတာထက်ကို ရက္ခိုင့်တပ်တော်ကလည်း ရခိုင်ပြည်ကို တိုးတက်ဖွံ့ဖြိုး စေချင်တယ်၊ နောက် မြန်မာနိုင်ငံအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရလို့ ပြောနေတဲ့ တပ်မတော်ဖက်ကလည်း သူတို့က ပြည်ထောင်စုအနေအထားနဲ့ အကုန်လုံး နယ်မြေဧရိယာတွေနဲ့ သူတို့နဲ့ သက်ဆိုင်တယ်လို့ ထင်တာပေါ့၊ အဲဒီလို ယူဆတဲ့အခါကြတော့ နှစ်ဦးနှစ်ဖက်စလုံးမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေ အဲဒီလို လုပ်ရမယ့် ကိစ္စ တွေတော့ ရှိလာပါလိမ့်မယ်၊ အရင်တုန်းကလည်း လုပ်ခဲ့တာပဲလေ၊ အနောက်ဖက်မှာ ဟိုဟာဖြစ်ပြီဆိုတော့ သူတို့ စစ်ဆင်ရေးတွေ ဘာတွေ လုပ်ခဲ့တာပဲလေ၊ အဲဒီမှာ စိုးရိမ်စရာ တစ်ချက်တော့ ရှိတာပေါ့လေ၊ အာဆာကို လိုက်ရှာ ရင်းနဲ့ တခြားတခြား လူထုတွေ မထိခိုက်စေဖို့လည်း အရေးကြီးတာပေါ့၊ လူထုဆိုတာက အနောက်ဖက်မှာနေတဲ့ ရခိုင်ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ်၊ တခြား ဘယ်မျိုးနွယ်စုမဆိုလေ စစ်ရေးအရ ရှင်းလင်းရင်းနဲ့ တခြားဥစ္စာတွေကို မထိခိုက်စေဖို့လည်း အရေးကြီးတာပေါ့” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် မီးကျောင်းခေါင်းဆွဲကျေးရွာမှ မွတ်ဆလင် အမျိုးသား တစ်ဦးကို ARSA မှ ဖမ်းဆီးသွားပြီးနောက် ၁ ရက်အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းကလည်း မောင်တောမြို့နယ် စံပတ်ကုံးကျေးရွာမှ မွတ်ဆလင် အမျိုးသား နှစ်ဦးကို ARSA အဖွဲ့က ဖမ်းဆီးသွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ARSA ၏ လမ်းကြောင်းမှာ အကြမ်းဖက်မှုကို သွားနေသည့် လမ်းကြောင်းဟု မိမိတို့ အနေဖြင့် အမြဲထောက်ပြ ခဲ့ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လမ်းဆုံတစ်ခုကို တွေ့ရစဉ်

၎င်းက “အဲဒီအပိုင်းကတော့ အကောင်းဆုံးကတော့ အဲဒါနဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ် ရခိုင်ဒေသမှာ သူတို့ရဲ့ လွတ်မြောက်ရေး ဘာညာပေါ့နော်၊ အမြဲတမ်း ကြွေးကြော်နေတဲ့ AA ဖက်ကို ချိတ်ဆက်ပြီးမေးရင်တော့ ပိုပြီး သိသာလိမ့်မယ်၊ အဓိကကတော့ အဲဒီပြဿနာကလည်း ဘာဖြစ်လဲဆိုတော့ ARSA စပြီးတော့ ဖြစ်လာတဲ့ အချိန်မှာ ARSA သွားနေတဲ့ လမ်းကြောင်းက Terrorism (အကြမ်းဖက်ဝါဒ) လမ်းကြောင်းပေါ် ရှိနေတယ်လို့ ကျနော်တို့ အမြဲတမ်းထောက်ပြခဲ့ဖူးတာ ရှိတယ်၊ ဒါပေမဲ့ AA က‌ နောက်ပိုင်း ဘာဖြစ်လာသလဲဆိုတော့ ARSA က သူတို့ ပူးပေါင်းချင်တဲ့ ပုံစံမျိုး ARSA နဲ့ ပတ်သက်ပြီး သူတို့ နေရာတစ်ခုပေးသင့်တဲ့ ပုံစံမျိုး ဖြစ်လာတယ်ဆိုတော့ ARSA လှုပ်ရှားမှု ဘာကြောင့် ထကြွလာသလဲဆိုတဲ့ အတိအကျ အဖြေမျိုး သိချင်တယ်ဆိုရင်တော့ AA နဲ့ ချိတ် ဆက်ပြီး မေးရင်တော့ နည်နည်း ပိုတိကျတဲ့ အဖြေမျိုး ထွက်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က မြန်မာနယ်ခြားစောင့်တပ် ကင်းစခန်း ၃၀ ဝန်းကျင်အား ARSA တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၁၈ နှစ်ကုန်ပိုင်းအထိ မြန်မာ့တပ်မတော်နှင့် ARSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ယခုနှစ် ဩဂုတ်လမှာ စတင်ကာ ARSA အဖွဲ့ဝင်များ ပိုမိုလှုပ်ရှားလာပြီး ဖမ်းဆီးမှုများ၊ သတ်ဖြတ်ခံရမှုများ ဖြစ်ပွားလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၊ ULA/AA၊ ARSA အပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရိုဟင်ဂျာသွေး စည်းညီညွတ်ရေးအဖွဲ့ (RSO) များလည်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။