CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉

အာဆင်နယ်အသင်းဟာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပြီး ရခဲ့တဲ့ ဒဏ်ရာကြောင့် နောက်ခံလူ ဂါဘရီရယ်လ် ဇန်နဝါရီအထိ အသင်းအတွက် မပါဝင်နိုင်မှာကို စိုးရိမ်မှုရှိနေပါတယ်။ 

ဂါဘရီရယ်လ်ဟာ ဘရာဇီးလ်အသင်းက ဆီနီဂေါအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာပါ။ 

အာဆင်နယ်အသင်း နောက်ခံလူဟာ ဒဏ်ရာကြောင့် တူနီးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်အသင်းအတွက် မပါဝင်နိုင်ခဲ့သလို ကနဦးစစ်ဆေးမှုတွေ အပြီးမှာ ညာဘက် ပေါင်ကြွက်သား ဒဏ်ရာရခဲ့ကြောင်း တွေ့ရှိခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။ 

ဂါဘရီရယ်လ်ဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေတဲ့ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အသင်းဖော်ဆာလီဘာနဲ့ တွဲဖက်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုး ၅ ဂိုးသာ ပေးရအောင် စွမ်းဆောင်ထား တာပါ။

ဂါဘရီရယ်လ်ရဲ့ ဒဏ်ရာ အခြေအနေကို နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စောင့်ဆိုင်းနေပြီး ကနဦး စစ်ဆေး မှုတွေအရ ဇန်နဝါရီအထိ အနားယူရနိုင်တယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။ 

 ဂါဘရီရယ်လ်ကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ဒီကာလအတွင်းမှာ ပွဲအများအပြား ကစားရမှာ ဖြစ်တဲ့အတွက် ဂါဘရီရယ်လ်ကို အနား ပေးရမှာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။

ဂါဘရီရယ်လ်ဟာ ဒဏ်ရာကြောင့် စပါးအသင်းနဲ့ မြောက် လန်ဒန်ဒါဘီပွဲစဉ်ကို သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ 

ဂါဘရီရယ်လ်အနေနဲ့ ဇန်နဝါရီအထိ အနားယူရမယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ပွဲပေါင်း ၁၁ ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ 

အာဆင်နယ်အသင်းဟာ ဂါဘရီရယ်လ် မပါဝင်နိုင်ချိန်မှာ နွေရာသီက ခေါ်ယူထားတဲ့ မိုစကွဲယားနဲ့ ဟင်ကာပီတို့ကို သူ့ရဲ့နေရာမှာ အစားထိုးပြီး အသုံးပြုလို့ရတာ ဖြစ်ပါတယ်။

မိုစကွဲယားဟာ ဆာလီဘာဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်ပြီး ခြေစွမ်း ပြသထားတာပါ။ 

ဟင်ကာပီကတော့ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့်မရသေးပေမယ့် နည်းပြ အာတီတာနှစ်သက်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ 

ဒါ့ပြင် အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီကိုလည်း ဗဟိုနောက်ခံလူ နေရာမှာ အသုံးပြုနိုင်တယ်လို့ သိရပါ တယ်။ 

Source: metro