CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဆုဖလားလက်မဲ့အဖြစ် ဖြတ်သန်းခဲ့ရပြီးနောက် ဒီရာသီက သူတို့အတွက် ခြားနားလိမ့်မယ်လို့ နောက်ခံလူ ဂါဘရီရယ်လ်က ပြောခဲ့ပါတယ်။
ဂါဘရီရယ်လ်က “ကျနော်ဒီမှာရှိတာ ၅ နှစ်ကြာပြီဖြစ်ပြီး ကလပ်အသင်း ဘယ်လောက်အထိ တိုးတက်လာတယ် ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ကျနော်ဟာ ကြီးမားတဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ ဒီမှာရှိနေတာဖြစ်ပြီး ဒီရာသီက ခြားနားမယ်ဆိုတာ ကျနော်ယုံကြည်မှုရှိပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ် အတွင်းမှာ ဆုဖလားအချို့ကို လက်လွှတ်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ဒီအရာတွေက ခြားနားသွားမယ်လို့ ကျနော်ထင်ပါတယ်။ ဒါကို ကျနော် အများကြီးယုံကြည်မှုရှိတယ်”လို့ ပြောခဲ့တာပါ။
ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်လ်ဟာ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် သူဟာ အာဆင်နယ်အသင်းမှာ ၂၀၂၉ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် နောက်ဆုံး ၃ ရာသီမှာ အဆင့် ၂ နေရာတွေနဲ့ ရာသီအဆုံးသတ်ခဲ့ရတာပါ။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်က FA ဖလားရယူပြီးနောက် ဆုဖလားတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေပြီး အသင်းရဲ့ လူစာရင်း အင်အား တောင့်တင်းအောင် ကစားသမားသစ်တွေလည်း အားဖြည့်ထားတာပါ။
အာဆင်နယ်အသင်းဟာ ကယ်ပါ၊ ဇူဘီမန်ဒီ၊ နော်ဂတ်နဲ့ မာဒူကီတို့ကို ခေါ်ယူထားပြီး စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်နဲ့ ဗလင်စီယာအသင်း နောက်ခံလူ မိုစကွီယာတို့ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စင်္ကာပူနိုင်ငံ ရောက်ရှိနေပြီး အေစီမီလန်၊ နယူးကာဆယ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC