CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀
အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၁၅ မှတ်ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက သူတို့ရဲ့ဆုဖလားအခွင့်အရေး ပြီးဆုံးသွားပြီလို့ မပြောချင်ကြောင်း ပြောခဲ့ပါတယ်။
အာတီတာက “ဆုဖလားအတွက် ပြီးဆုံးသွားပြီလားဆိုတာကို ကျနော် မပြောချင်ပါဘူး။ ကျနော်တို့ အနိုင်မရရှိခဲ့တာက စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျနော်တို့ဟာ ဆုဖလားရရှိဖို့ အခွင့်အရေး ရရှိချင်တယ်ဆိုရင် ပွဲတိုင်းကို အနိုင်ရယူဖို့ တာဝန်ရှိပါတယ်။ အခုအချိန်မှာ ဒီအကြောင်းကိုပြောဖို့ အချိန်မတန်သေးဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့ ယူနိုက်တက်အသင်းရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ဒီကလန်ရိုက်စ်က ချေပဂိုးပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂ သင်းစလုံးဟာ ပွဲပြီးခါနီးမှာ အနိုင်ဂိုး ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ၁ ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရလဒ်ကြောင့် အမှတ်ပေးဇယားအဆင့် ၁ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲလျော့ကစားထားပြီး ရမှတ် ၁၅ မှတ်အထိကွာဟသွားခဲ့တာဖြစ်ပါတယ်။
အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေကစားဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တာကြောင့် ဆုဖလားကို လက်လွှတ်ရဖို့ သေချာသလောက်ရှိသွားပြီလို့ သုံးသပ်မှုတွေရှိနေတာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ဆုဖလားကို လက်လွှတ်ဖို့ ငြင်းဆန်ထားတာဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ ဒီကလန်ရိုက်စ်ကလည်း သူတို့ဟာ ရာသီကုန်တဲ့အထိ လီဗာပူးလ်အသင်းကို ဆက်ပြီး တွန်းအားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟမှုများပြားနေတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် ပိုပြီးအာရုံစိုက်လာဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် PSV အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်က ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source: ESPN