CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၈
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲမှာ တိုက်စစ်မှူးအစ်ဆက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အက်ဒီဟိုဝီက “အစ်ဆက်က နေ့တိုင်း လေ့ကျင့်မှုပြုလုပ်နေပြီး ကောင်းမွန်နေပါတယ်။ ဝက်စ်ဟမ်း၊ လီဗာပူးလ် အသင်းတို့ နဲ့ပွဲတွေမှာ အစ်ဆက် ပါဝင်နိုင်ပါတယ်။ သူသာ ကြံ့ခိုင်မှု ပြည့်ဝနေရင် ကစားရမှာပါ။ ဒါက အနာဂတ် ပွဲတွေအတွက် သူ့ကို အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေရရှိဖို့ အကောင်းဆုံးနည်းလမ်းပါ”လို့ ပြောခဲ့တာပါ။
အစ်ဆက်ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပေမယ့် နည်းပြအက်ဒီဟိုဝီက ဒဏ်ရာ စိုးရိမ်မှုတွေကို ဖယ်ရှားခဲ့ပါတယ်။
လိဂ်ဖလား ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အဓိကဆုဖလားနဲ့ ဥရောပဝင်ခွင့်ရဖို့ တွန်းအားပေးနေတဲ့ နယူးကာဆယ်အသင်းအတွက် အစ်ဆက်သာ ပါဝင်နိုင်ရင် တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေမှာပါ။
နယူးကာဆယ်အသင်းကို တွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ တောင်ပံကစားသမား ဂေါ်ဒွန်ကို ပွဲပယ်ကြောင့် လက်လွှတ် ရမှာဖြစ်သလို နောက်ခံလူတွေဖြစ်တဲ့ ဟောလ်နဲ့ ဘော့ဒ်မန်းတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးရမှာ ဖြစ်ပါတယ်။
အစ်ဆက်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲပါဝင်ကစား ထားပြီး ၂၂ ဂိုးသွင်းယူကာ ခြေစွမ်း ပြသနေတာပါ။
အစ်ဆက်နဲ့ နယူးကာဆယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်နွေရာသီအထိ သက်တမ်း ရှိနေပေမယ့် သူ့ကိုခေါ်ယူဖို့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ အပါအဝင် ဥရောပထိပ်တန်းကလပ်တွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက အပြောင်းအရွှေ့ ထင်ကြေးတွေကို သူနားလည်ပြီး သူ့ကိုအေးအေး ဆေးဆေး ဘောလုံးကစားခွင့် ပေးသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: CNA