CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းမှာ အနာဂတ် မရေမရာဖြစ်လာတဲ့ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူနိုင်ဖို့အတွက် ဗြိတိန်အပြောင်းအရွှေ့ စံချိန်အား ထပ်ပြီးချိုးဖျက်ဖို့ ပြင်ဆင်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်အသင်းက ဖလော်ရီယန်ဗစ်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူထားသလို ဖရင်ပေါင်နဲ့ ကာကတ်ဇ်တို့ကိုလည်း ခေါ်ယူထားတာပါ။
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ တိုက်စစ်မှူး နေရာအတွက် နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး အသစ်ဖြစ်တဲ့ ပေါင် ၁၂၅ သန်းကျော်နဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်း ဘက်ကသာ အစ်ဆက်ကို ရောင်းချဖို့ လမ်းဖွင့်မယ်ဆိုရင် လီဗာပူးလ်အသင်းဟာ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ အသင့်ရှိနေတာပါ။
ဒါပေမယ့် နယူးကာဆယ်အသင်းဟာ အစ်ဆက်ကို ရောင်းချဖို့ ဆန္ဒမရှိဘဲ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အစ်ဆက်ကို တွေ့ရစဉ်
နယူးကာဆယ်နဲ့ အစ်ဆက်တို့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ အခုနှစ် အစောပိုင်းကတည်းက ရပ်တန့်နေပြီး တိုးတက်မှုမရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။
အစ်ဆက်ဟာ လက်ရှိအချိန်မှာ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်ဖို့ နယူးကာဆယ်အသင်းနဲ့ ပူးပေါင်းနေပြီး သြစတြီးယားရှိ လေ့ကျင့်ရေးစခန်းမှာ အတူရှိနေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အမှတ်ပေးဖလားကို အကြိမ် ၂၀ မြောက် ရယူပြီးကတည်းက တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အစ်ဆက်ဟာ သူတို့ရဲ့ဦးစားပေးအဖြစ် ရှိခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အစ်ဆက်ကို ခေါ်ယူဖို့အဆင်မပြေရင် နယူးကာဆယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး အီကီတိုက် အပါအဝင် အခြားတိုက်စစ်မှူး အချို့ကိုလည်း သူတို့ခေါ်ယူမယ့် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အစ်ဆက်ဟာ နယူးကာဆယ် အသင်းအတွက် ၁၀၉ ပွဲ ကစားထားပြီး ၆၂ ဂိုးသွင်းယူကာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ စာချုပ်ရှိနေတာ ဖြစ်ပါ တယ်။
Source: Dailymail