CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉

နယူးကာဆယ်အသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး အစ်ဆက်ဟာ အင်္ဂါနေ့ညမှာ ကျင်းပမယ့် ပရော်ဖက် ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း(PFA)ရဲ့ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖွယ်မရှိဘူးလို့ ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြထားပါတယ်။ 

အစ်ဆက်ဟာ ဒီဆုပေးပွဲရဲ့ အဓိကဆုမှာ ဆန်ကာတင် စာရင်းထဲ ပါဝင်နေပေမယ့် နယူးကာဆယ်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေတာနဲ့အတူ ဆုပေးပွဲကို တက်ရောက်ဖို့ မရှိတာပါ။ 

နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ အစ်ဆက်ကို ရောင်းချဖို့ ဆန္ဒမရှိ ဖြစ်နေတာကြောင့် ကစားသမားနဲ့ ကလပ်အသင်းအကြားမှာ အဆင်မပြေမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အစ်ဆက်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့လက ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချခဲ့ပြီး သူတို့ဟာ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ နီးပါး လိုချင်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

အစ်ဆက်ကို တွေ့ရစဉ် 

အစ်ဆက်ဟာ နယူးကာဆယ်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှုတွေမှာလည်း ပါဝင်ခဲ့ခြင်းမရှိဘဲ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

အစ်ဆက်ဟာ နယူးကာဆယ်အသင်းရဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျ ခဲ့တဲ့ပွဲစဉ်မှာလည်း ပါဝင်ခဲ့ခြင်းမရှိတာပါ။

ဆွီဒင်တိုက်စစ်မှူးဟာ နယူးကာဆယ်အသင်း ပရိသတ်တွေရဲ့ ကြီးကြီးမားမား ဝေဖန်မှုတွေ ခံနေရပြီး ကစားသမားကတော့ အနာဂတ်နဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်း နည်းပြ အက်ဒီဟောင်းက အစ်ဆက်ရဲ့ အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။ 

၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ နယူးကာဆယ်အသင်းအတွက် ၁၀၉ ပွဲ ကစားထားပြီး ၆၂ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ 

Source: Dailymail