CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉

အင်တာမီလန်အသင်းဟာ ဂိုးသမားဟောင်း အိုနာနာရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

ကင်မရွန်း ဂိုးသမား အိုနာနာဟာ အာဆင်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်းထဲ ပါဝင်ခဲ့ခြင်းမရှိတာပါ။ 

အိုနာနာဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ ယူနိုက်တက်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေး သတင်းတွေ အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ အင်တာမီလန်အသင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီက ယူနိုက်တက်အသင်းထံ ရောင်းချခဲ့တဲ့ ဂိုးသမား အိုနာနာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားတာပါ။ 

အင်တာမီလန်အသင်းဟာ ဂိုးသမားသစ် တစ်ဦးခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အိုနာနာဟာ အီတလီကလပ်ထံ အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိ သွားနိုင်တာ ဖြစ်ပါတယ်။ 

အိုနာနာကို တွေ့ရစဉ် 

အိုနာနာဟာ ပြီးခဲ့တဲ့ရာသီတွေမှာ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကိုရောင်းချ ပြီး အပြောင်းအရွှေ့ မပိတ်မီ ဂိုးသမားသစ် တစ်ဦးခေါ်ယူဖို့ တိုက်တွန်းမှုတွေ ခံနေရတာပါ။ 

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲအပြီးမှာ ဂိုးသမားသစ် ခေါ်ယူဖို့လိုတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချထားပါတယ်။

အိုနာနာဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့သလို အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်တာ ၁ ပတ်သာ ရှိသေးတဲ့အတွက် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ သူ့ကို အသုံးမပြုခဲ့တာလို့ နည်းပြအာမိုရင်က ပြောထားပါတယ်။ 

အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ တူရကီဂိုးသမား ဘယင်ဒါဟာ အမှားအယွင်း ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ သွင်းဂိုးခွင့် ပြုခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဂိုးသမား အိုနာနာကို ပွဲထွက်လူစာရင်းထဲ ပြန်ပြီးအသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source: Goal