CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းမှာ အငှားကစားနေတဲ့ ကင်မရွန်းဂိုးသမား အိုနာနာဟာ လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းရဲ့ နံပါတ် ၁ နေရာကို ပြန်လည်ရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ The Guardian က ဖော်ပြ ထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ အင်တာမီလန်အသင်းကနေ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ပုံမှန် လက်စွမ်း ပြသနိုင်ခြင်း မရှိသလို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကို အမှားအယွင်းတွေနဲ့ ချေဖျက်လေ့ရှိပါတယ်။
အိုနာနာဟာ လက်ရှိ အငှားကစားနေတဲ့ တူရကီမှာ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် လုပ်ဆောင်နေပြီး ၂၀၂၆-၂၇ ရာသီ မတိုင်မီ ပိုထက်မြက်လာစေဖို့ မျှော်လင့်နေတာပါ။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက် လူစာရင်းထဲ ပြန်လည် ပါဝင်ချင်နေပေမယ့် နံပါတ် ၁ နေရာကို ပြန်လည်ရယူနိုင်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ်ဟာ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသနေတာကြောင့် ယူနိုက်တက်အသင်းရဲ့ ဦးစားပေး ဂိုးသမားအဖြစ် ဆက်ပြီး တာဝန်ယူရဖို့ သေချာနေ တာပါ။

အိုနာနာကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းထံ ပြန်ရောက်လာမယ့် အိုနာနာကို အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိ ဂိုးသမားတွေ ဖြစ်တဲ့ ဘယင်ဒါနဲ့ တွမ်ဟီတန်တို့ကလည်း နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဂိုးသမားသစ် တစ်ဦးခေါ်ယူနိုင်သလို အိုနာနာကို အသင်းမှာ ဒုတိယ ဂိုးသမားအဖြစ် အသုံးပြုသွားနိုင်ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းကိုသာ ယှဉ်ပြိုင်နေရတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည် နေပါတယ်။
Source: besoccer
