CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
PSG အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်း ၂ သင်းထဲက ၁ သင်းနဲ့ တွေ့ဆုံရမယ့်အပေါ် နည်းပြလူးဝစ်အင်းနရစ်က ၂ သင်းစလုံးဟာ အံ့မခန်းဖွယ် ကောင်းမွန်တဲ့ အသင်းတွေလို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “၂ သင်းစလုံးက လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါက ကျနော့်အပေါ်မှာ မူတည်တာ မဟုတ်တဲ့ အတွက် ဘယ်အသင်းနဲ့ တွေ့တွေ့ ကျနော် လိုက်လျောညီထွေ ဖြစ်အောင် လုပ်သွားမှာပါ။ သူတို့က အံ့မခန်းဖွယ် ကောင်းမွန်တဲ့ အသင်း ၂ သင်းပါ။ ဘာစီလိုနာက ကျနော့်အတွက် အလွန်ထူးခြားပြီး ချယ်လ်ဆီးအသင်းနဲ့ တွေ့ရ မယ်ဆိုရင် ကျနော်တို့မှာ လုပ်စရာ အနည်းငယ်တွေ ရှိပါလိမ့်မယ်”လို့ Movistar ကိုပြောခဲ့တာပါ။
လက်ရှိချန်ပီယံ PSG အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ဒုတိယအကျော့ပွဲမှာ မိုနာကိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
PSG အသင်းဟာ ပထမအကျော့ ပွဲစဉ်မှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

PSG အသင်း ယှဉ်ပြိုင်နေစဉ်
အဲ့ဒါကြောင့် PSG အသင်းဟာ ၁၆ သင်းအဆင့်မှာ ချယ်လ်ဆီး ဒါမှမဟုတ် ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံရမှာပါ။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က အသင်းရဲ့ ခက်ခဲတဲ့ ချန်ပီယံလိဂ် League Phase ကြောင့် သူ့ ကစား သမားတွေဟာ ဥရောပမှာ ဖိအားများတဲ့ ပွဲတွေအတွက် ကျင့်သားရနေပြီလို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် လူးဝစ်အင်းနရစ်က သူတို့မှာ ဒဏ်ရာရ ကစားသမားတွေ အများကြီးရှိခဲ့ပေမယ့် လာမယ့်ပွဲတွေမှာ အသင်း တစ်သင်းလုံး ပါဝင်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလားတွေ အားလုံး ရယူနိုင်ခဲ့တဲ့ PSG အသင်းဟာ ဒီရာသီမှာတော့ အနည်းငယ် ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။
PSG အသင်းဟာ လာမယ့် ပြင်သစ်လီဂူး-၁ ပွဲအဖြစ် လီဟာဗရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
