CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

ချယ်လ်ဆီးအသင်းဟာ PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် နှစ်ကျော့စလုံး မတိုင်မီ အသင်းသတင်းတွေ ပေါက်ကြားအောင် ပြုလုပ်ခဲ့တဲ့သူကို ဖော်ထုတ်ပြီး ဖြေရှင်းခဲ့တယ်လို့ နည်းပြရိုစီနီယာက ပြောခဲ့ပါတယ်။ 

ရိုစီနီယာက “ဘယ်သူလဲဆိုတာ ကျနော်တို့ သိပါတယ်။ ဒါက ကျနော့်အတွက် ဒါမှမဟုတ် အသင်းအတွက် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး။ ဘယ်ကလာတယ်ဆိုတာ ကျနော်တို့သိပြီး ဒီအခြေအနေကို ကျနော်တို့ ဖြေရှင်းပြီးပါပြီ”လို့ အဲဗာတန်အသင်းနဲ့ပွဲမတိုင်မီမှာ ပြောခဲ့တာပါ။

PSG အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပထမအကျော့ အဝေးကွင်း ပွဲမတိုင်မီမှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက် လူစာရင်းကို ပြင်သစ်မီဒီယာတွေက စောစီးစွာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယအကျော့ ပွဲမတိုင်မီမှာလည်း ဖိုဖာနာက ပွဲထွက် လူစာရင်းထဲ ပါဝင်မှာ မဟုတ်ဘဲ ချာလိုဘာနဲ့ ဟာတို အတွဲအဖက်ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုမယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ် 

ဒီသတင်းတွေဟာ မှန်ကန်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သတင်းတွေ ပေါက်ကြားအောင် ပြုလုပ်တဲ့သူကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပေါက်ကြားမှုဟာ ကစားသမားတစ်ဦးဆီကနေ တိုက်ရိုက်လာတာ မဟုတ်ဘဲ ပြင်ကနေ ပေါက်ကြားမှုလို့ ချယ်လ်ဆီးအသင်းနဲ့ နည်းပြရိုစီနီယာတို့က သတ်မှတ်ထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားတာပါ။ 

ပေါက်ကြားအောင် ပြုလုပ်ခဲ့တဲ့သူရဲ့ အမည်ကိုတော့ ချယ်လ်ဆီးက ပြောခဲ့ခြင်း မရှိပါဘူး။ 

ချယ်လ်ဆီးအသင်းဟာ PSG အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၈ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်ပြီးအာရုံစိုက်ဖို့ ပြင်ဆင်နေပါတယ်။ 

ချယ်လ်ဆီးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ အသင်းအပေါ်နဲ့ ပွဲတွေ အနိုင်ရဖို့ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ နည်းပြရိုစီနီယာက ပြောခဲ့ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး အရေးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့အတွက် အဲဗာတန်အသင်းနဲ့ပွဲမှာ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

Source: Dailymail