CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

ယူနိုက်တက်အသင်းယာယီနည်းပြမိုက်ကယ်ကာရစ်က အသင်းရဲ့အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ မက်ဂွဲယား၊ကိုဘီမေနူးနဲ့လုပ်ခ်ရှောတို့ကို အင်္ဂလန်အသင်းလူစာရင်းထဲခေါ်ယူဖို့ နည်းပြတူချယ်လ်ကို တိုက်တွန်းခဲ့ပါတယ်။ 

တူချယ်လ်ဟာ အင်္ဂလန်အသင်းကို နည်းပြအဖြစ်စတင်ပြီးကိုင်တွယ်ကတည်းက အက်စတွန်ဗီလာနဲ့ ဘာစီလိုနာ အသင်းမှာ အငှားကစားတဲ့ ရက်ရှ်ဖိုဒ့်ကလွဲပြီး ဘယ်ယူနိုက်တက်အသင်းကစားသမားကိုမှ လူစာရင်းထဲ ခေါ်ယူခဲ့ ခြင်းမရှိတာပါ။ 

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးရလဒ်တွေရရှိနေတာကြောင့် ဂျပန်၊ ဥရုဂွေးအသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ အသင်းကစားသမား ၃ ဦးကို အင်္ဂလန်လူစာရင်းထဲရွေးချယ်ဖို့ နည်းပြကာရစ်က ပြောခဲ့ပါတယ်။ 

သူတို့အနေနဲ့ ဒီလထဲကစားမယ့် ခြေစမ်းပွဲတွေမှာ ရွေးချယ်ခံရမှသာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လိုက်ပါနိုင်ဖို့ အခွင့်အရေးရှိမှာဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ အင်္ဂလန်အသင်းနဲ့ အဓိကပြိုင်ပွဲကြီး ၃ ခုကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၈ လက နိုင်ငံအသင်းအတွက် နောက်ဆုံးပွဲပါဝင်ကစားခဲ့တာပါ။ 

ကိုဘီမေနူး ကလည်း မက်ဂွဲယားနဲ့အတူ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလက အိုင်ယာလန်အသင်းနဲ့ နေးရှင်းလိဂ်ပွဲမှာ အင်္ဂလန် အသင်းအတွက် နောက်ဆုံးကစားထားပါတယ်။ 

ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့တဲ့ လုပ်ခ်ရှောဟာ သောကြာနေ့ မှာ ထုတ်ပြန်မယ့် အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲလူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ 

မက်ဂွဲယား၊ ကိုဘီမေနူးနဲ့ လုပ်ခ်ရှောတို့ဟာ မိုက်ကယ်ကာရစ်လက်ထက် ယူနိုက်တက်အသင်းရဲ့ ၉ ပွဲစလုံးမှာ ပွဲထွက်လူ စာရင်း ပါဝင်ခွင့်ရပြီး ခြေစွမ်းပြသနေတာပါ။ 

ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဘုန်းမောက်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Besoccer