CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ကာဒစ်ဇ်အသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ မနိုးထသေးဘူးဆိုတာ ရှင်းပါတယ်။ပထမ ၁၅ မိနစ်အတွင်းမှာ ကျနော်တို့ အိမ်ပျော်နေတုန်းပဲရှိပါသေးတယ်။ကျနော်တို့က ပြင်ဆင်ခဲ့ပြီး ဒုတိယဂိုးရဖို့ မြင်တွေ့ခဲ့ရပေမယ့် ဒါက ဖြစ်မလာခဲ့ပါဘူး။ကျနော်တို့ ခံစစ်ပိုင်းရော ကွင်းလယ်ပိုင်းရော ဆိုးရွားခဲ့ပါတယ်။ဒါက မဖြစ်နိုင်သလို၊ လက်ခံစရာ အကြောင်းလည်းမရှိပါဘူး” လို့ MUTV ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ကလပ်အသင်းပွဲတွေပြန်မလာခင် ခြေစမ်းပွဲအဖြစ် စပိန်ကလပ် ကာဒစ်ဇ်အသင်းနဲ့ ကစားခဲ့တာမှာ ပထမပိုင်း မိနစ် ၂၀ အတွင်း သွင်းဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းရဲ့ အဓိကကစားသမားအများအပြားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နေတာကြောင့် ပထမပိုင်းမှာဆို ဒူဘရာကာ၊ ဝမ်ဘစ်စကာ၊ လင်ဒီလောဖ့်၊ တိုမီနေး၊ ဗန်ဒီဘိခ်နဲ့ မာရှယ်တို့ကို ပွဲထွက်အသုံးပြုခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဂိုးသမား ဒူဘရာကာကလွဲပြီး လူငယ်ကစားသမားတွေကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုး ခွင့်ပြုခဲ့ရပြီး ချေပဂိုး ၂ ဂိုးကိုတော့ မာရှယ်နဲ့ လူငယ်ကစားသမား ကိုဘီမေနိုတို့က သွင်းယူခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ဒီပွဲအတွက် ကျနော်မပျော်ရွှင်ပါဘူး။ရှုံးသွားတယ်ဆိုရင်တောင် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေအမြဲရှိပေမယ့် အခုက အနုတ်လက္ခဏာဆောင်တဲ့အရာတွေပဲ ပိုပြီးရှိလာပါတယ်။ဒါပေမယ့် သေးငယ်တဲ့ အမှားလေးတွေက ကြီးမားတဲ့ အကျိုးဆက်ရနိုင်တယ်ဆိုတာ သင်ခန်းစာကောင်းတခုပါပဲ။ဒီလိုဖြစ်ခဲ့တာကြောင့် လည်း ပွဲကို အရေးနိမ့်ခဲ့တာ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ စနေနေ့မှာ ဘက်တစ်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ဒီဇင်ဘာလ ၂၁ ရက်မှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal