CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉

ယူနိုက်တက်အသင်းဟာ ဒီရာသီထိပ်ဆုံး ၄ သင်းထဲဝင်ရောက်ပြီး ရာသီအဆုံးသတ်နိုင်မယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်က စိတ်ရှည်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့မှာ အလွန်ငယ်တဲ့ကစားသမားတွေရှိတာကြောင့် ဒီကလပ်ကို ပြန်တည်ဆောက်ပြီး အချိန်ယူရမှာပါ။ ကျနော်တို့ဟာ ဂါနာချို၊ဟော့ဂျ်လန်း၊ကိုဘီမိုင်နူးတို့လို လူငယ်တွေနဲ့ တည်ဆောက်နေပြီး သူတို့တွေအတွက် ဒါက ပထမဆုံးပရီးမီးယားလိဂ်ရာသီပါ။ ပရီးမီးယားလိဂ်က တစ်ရာသီပြီးတစ်ရာသီ ပိုပြင်းထန် လာပါတယ်။ ကျနော်ဟာ အလွန်စိတ်မရှည်တတ်ပေမယ့် ကျနော်တို့ စိတ်ရှည်ဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းနဲ့ ၁ ဂိုးစီသရေကျပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းက ချယ်လ်ဆီးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တာကြောင့် ချန်ပီယံလိဂ် မျှော်လင့်ချက်အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

 ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၄ ပွဲကျန်ရှိ နေသေးပေမယ့် အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၁၃ မှတ်အထိကွာဟသွားခဲ့တာပါ။ 

အဲဒါကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ကိုသာ ယူနိုက်တက်အသင်း အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ရာသီကုန်ရင် ထုတ်ပယ်ခံရမယ့် ဖိအား ဒဏ်တွေကို ပိုမိုခံစားနေရတာပါ။ 

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုး မယ့် နည်းပြသစ်တွေကို ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ကို ခန့်အပ်ဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

 ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ အနိုင်မရခဲ့ရင် အဲရစ်တန်ဟတ်ဟာ နည်းပြရာထူးက ထုတ်ပယ်ခံရလိမ့်မယ်လို့ သုံးသပ်နေကြတာပါ။

ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းနဲ့ သရေကျပြီးနောက် ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည် နေပေမယ့် အဆင့် ၇ နေရာက နယူးကာဆယ်အသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီဥရောပဝင်ခွင့်မဆုံးရှုံးအောင် လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေ ပြန်လည် ရယူနိုင်ဖို့ လိုအပ်နေတာပါ။ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN