CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတဦးသေဆုံးတယ်လို့ ဖီဖာကအတည်ပြုခဲ့ပြီးနောက် ဒီလို အဖြစ်အပျက်ကို အလွန် ဝမ်းနည်းမိတယ်လို့ ပြောလိုက်ပါတယ်။

“ဒီအဖြစ်အပျက်ဆိုးကြောင့် ဖီဖာက အလွန်ဝမ်းနည်းရပါတယ်။ကျနော်တို့ရဲ့ အတွေးအမြင်နဲ့ စာနာမှုတွေဟာ မိသားစုနဲ့အတူ ရှိနေပါတယ်။ဒီမတော်တဆမှုကို ဖီဖာက သတိပြုမိပြီးတာနဲ့ အသေးစိတ်အချက်အလက်တွေကို တောင်းဆိုဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပါတယ်။ အလုပ်သမားသေဆုံးတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့အချိန်မှာ ဖီဖာက နောက်ထပ်မှတ်ချက်ပေးဖို့ရှိတယ်” လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒီသေဆုံးမှုဟာ ဆော်ဒီအသင်းရဲ့ ကမ္ဘာ့ဖလားလေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုဖို့ ပြန်လည်ပြင်ဆင်ထားတဲ့ အပန်းဖြေစခန်း အနီးမှာဖြစ်ခဲ့တာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားဟာ သေဆုံးသွားခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ကာတာအာဏာပိုင်တွေက ဒီ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေး နေတယ်လို့ သိရတာပါ။ အဆိုပါ သေဆုံးသွားသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ ဖိလစ်ပိုင်အမျိုးသားဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

သူဟာ ပစ္စည်းတွေသယ်ယူရွှေ့ပြောင်းရာမှာ အသုံးပြုတဲ့ ကားတိမ်းမှောက်မှုမှာပါဝင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပေမယ့် အတည်ပြုလို့တော့မရပါဘူး။ဖီဖာကတော့ ပြိုင်ပွဲကာလအတွင်း ဒိုဟာမှာ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ပြောထားခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ကာတာ နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ မီးမောင်းထိုးပြခြင်းကို ခံနေရတာပါ။

ကမ္ဘာ့ဖလားစီမံကိန်းတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူဦးရေဟာ ၆,၀၀၀(ခြောက်ထောင်)ကျော်ရှိတယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေက ပြောထားပါတယ်။ဒါပေမယ့် ကာတာအစိုးရဟာ မူလက သေဆုံးမှု ၄၀ လောက်သာရှိတယ်လို့ ပြောထားခဲ့ပေမယ့် ပြိုင်ပွဲစတင်ပြီးချိန်မှာတော့ သေဆုံးသူ ၄၀၀ နဲ့ ၅၀၀ ကြားရှိတယ်လို့ တာဝန်ရှိသူတဦးက ဝန်ခံခဲ့တာဖြစ်ပါတယ်။

Source:Metro