CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃

ကိုဗင်ထရီအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်အပေါ် ဖိအား တွေပိုပြီးတိုးလာခဲ့ပေမယ့် ယူနိုက်တက်အသင်းကတော့ ရာသီမကုန်ခင်အထိ နည်းပြကိုထုတ်ပယ်ဖို့ မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ကိုဗင်ထရီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက်တက်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ဆိုးရွားတဲ့ ကစားပုံတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ် ဖို့ ပရိသတ်တွေက တောင်းဆိုမှုတွေရှိလာခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၄ အတွင်းဝင်ရောက်နိုင်ဖို့ မရှိတော့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ထုတ်ပယ်ခံရမယ့် ဖိအား ဒဏ်တွေကို ပိုပြီးခံစားနေရတာဖြစ်ပါတယ်။

ဒါပေမယ့် The Guardian က ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားမယ့် FA ဖလားဗိုလ်လုပွဲ မတိုင်ခင်အထိ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘူးလို့ ဖော်ပြခဲ့တာပါ။ ယူနိုက်တက် အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းအကြီးအကဲတို့ဟာ ဒီရာသီမှာ ကစားသမား အများအပြား ဒဏ်ရာရရှိနေတာကြောင့် အသင်းရလဒ်မကောင်းဖြစ်နေတာကို နားလည်လက်ခံထားတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ ၃ နှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် ဒီနွေရာသီမှာ သူ့ရဲ့ စာချုပ် ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာဖို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်၊ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်နဲ့ ရီးရယ်လ်အသင်း နည်းပြ ဟောင်း ဇီဒန်းတို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။ တူချယ်လ်ဟာ ဒီရာသီအကုန်မှာ ဘိုင်ယန်မြူးနစ် အသင်း ကနေ ထွက်ခွာတော့မှာဖြစ်လို့ ယူနိုက်တက်အသင်းနည်းပြသစ် ဖြစ်လာဖို့ ပိုပြီးရေပန်းစားနေတာပါ။

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ တူချယ်လ်ဟာ အခြားထိပ်သီးကလပ်အချို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရ ပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို ကိုင်တွယ်ချင်နေတာဖြစ်ပါတယ်။

Source:Metro