CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂

ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ရာသီကို သုံးသပ်မှုတွေပြုလုပ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ် ကို အသင်းမှာဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့ အနာဂတ်ဟာ မရေရာမှုတွေဖြစ်ခဲ့တာပါ။ 

ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို FA ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ပြန် သုံးသပ်ခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်ကို ဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက် အသင်း ဟာ ၂၀၂၅ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် နည်းပြ အဲရစ်တန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ ပထမရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ကာရာဘောင်းဖလားရယူပေးနိုင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းဟာ လိဂ်ပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် FA ဖလားရယူနိုင်ခဲ့တာက အဲရစ်တန်ဟတ်ရဲ့ ဒုတိယရာသီ ကို ကယ်တင်မှုဖြစ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဖို့ တူချယ်လ်၊ ပိုချက်တီနို၊ဒီဇာဘီ၊သောမက်စ်ဖရန့်ခ်၊မက်ကန်နာ၊ဂရေဟမ်ပေါ်တာတို့အပြင် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်တို့နဲ့ သတင်းတွေ ထွက်ခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲအပြီးမှာ သူ့ကို ယူနိုက်တက် အသင်း ပိုင်ရှင်တွေက အလိုမရှိတော့ဘူးဆိုရင် ဆုဖလားတွေရယူဖို့ အခြားအသင်းတွေဆီ သွားရောက်မယ်လို့ ပြောထား တာဖြစ်ပါတယ်။ 

ဒတ်ချ်လူမျိုးနည်းပြဟာ လက်ရှိအချိန်မှာတော့ အိုင်ဘစ်ဇာမှာ အနားယူအပန်းဖြေနေပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ရှိမယ်လို့ အတည်ပြုချက်ရရှိအပြီးမှာ ရာသီကြို လေ့ကျင့်မှုတွေစတင်မယ့် ဇူလိုင်မှာ ကာရင်တန်ထံပြန်လည် ရောက်ရှိလာတော့မှာပါ။

ယူနိုက်တက်အသင်းဟာ ဇူလိုင် ၁၅ ရက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ရိုဆင်ဘော့အသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ် ထားတာဖြစ်ပါတယ်။

Source:ESPN