CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၂ ဂိုးသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသကာ ၂ ဂိုးသွင်းယူခဲ့တာပါ။ 

ပေါ်တူဂီအသင်းအတွက် နောက်ထပ်သွင်းဂိုးကို ဂျာအိုဖီးလစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီကစားသမားဘဝ ၂၀၇ ပွဲမှာ ၁၃၀ ဂိုးအထိ သွင်းယူထားတာပါ။ 

ယူရို ၂၀၀၄ ပြိုင်ပွဲကတည်းက ပေါ်တူဂီအသင်းအတွက် ပါဝင်ခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်ဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

ပေါ်တူဂီအသင်းဖော် ရူဘင်နာဗက်စ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နိုင်ငံအသင်းကို ၂၀၀ ရာခိုင်နှုန်း ကူညီပေးမယ်ဆိုတာကို သိတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။

ရူဘင်နာဗက်စ်က “သူနဲ့ ကစားရတာက ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြဖို့ ကျနော့်မှာ စကားလုံးမရှိပါဘူး။ သူဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲမတိုင်ခင် ကောင်းမွန်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ မျှော်လင့်ချက်တွေ အလွန်မြင့်မားပြီး နိုင်ငံအသင်းကို ၂၀၀ ရာခိုင်နှုန်း ကူညီပေးမယ်ဆိုတာ ကျနော်တို့သိပါတယ်”လို့ RTE ကို ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တူရကီ၊ ချက်၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC