CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဆလိုဗေးနီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီးနောက် အသင်းခေါင်းဆောင် ရော်နယ်ဒိုက အစမှာဝမ်းနည်းမှုက အဆုံးမှာ ပျော်ရွှင်မှုလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “အစမှာ ဝမ်းနည်းမှုဟာ အဆုံးမှာ ပျော်ရွှင်မှုပါပဲ။ ဘောလုံးဆိုတာ ဒါပါပဲ။ ကျနော့်ရဲ့ ကန်သွင်းချက် က ကောင်းလား၊ ဆိုးလားဆိုတာ မသိပေမယ့် တစ်နှစ်ပတ်လုံးတစ်ကြိမ်မှ မလွဲခဲ့တဲ့ ပင်နယ်တီဟာ ကျနော်အလို အပ်ဆုံးအချိန်မှာ အိုဘလက်ခ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဆလိုဗေးနီးယားအသင်းဟာ တစ်ပွဲလုံးနီးပါး ခံစစ်ကစား ခဲ့ပြီး ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ အလွန်ခက်ခဲခဲ့ပြီး တစ်သင်းလုံးကို ဂုဏ်ပြုချင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ ဂိုးသမားပါ။ သူဟာ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားအသင်းတို့ဟာ ပွဲချိန်အတွင်း ဂိုးမရှိ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ပြီး ကစားခဲ့ တာမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။ 

အချိန်ပိုမှာ ပေါ်တူဂီအသင်း ပင်နယ်တီ ရရှိခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ကန်သွင်းမှုကို အိုဘလက်ခ်က ကာကွယ်နိုင်ခဲ့ ပါတယ်။ 

ရော်နယ်ဒိုဟာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ငိုကြွေးခဲ့ပြီး အသင်းဖော်တွေက သူ့ကို ဝိုင်းပြီး နှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းသားတွေကိုတွေ့ရစဉ်

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ပေါ်တူဂီအသင်းက ၃ ဂိုးစလုံးဝင်ခဲ့ပြီး ဆလိုဗေးနီးယားအသင်းရဲ့ ကန်သွင်းမှု ၃ ကြိမ်စလုံးကို ပေါ်တူဂီအသင်းဂိုးသမား ကော်စတာ ကာကွယ်သွားနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် ပေါ်တူဂီအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ဆလိုဗေးနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုဟာ အချိန်ပိုမှာ ပင်နယ်တီ လွဲခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးသလို ပင်နယ်တီလည်း လွဲခဲ့ပေမယ့် ပေါ်တူဂီ အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က သူ့ရဲ့တုန့်ပြန်မှုအတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။

ရောဘတ်တိုမာတီနက်ဇ်က “သူဟာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ကျနော်တို့ရဲ့ ပထမဆုံး ပင်နယ်တီ ကန်သွင်းသူ ဖြစ်ခဲ့ပါတယ်။ သူဟာ ပထမဆုံးကန်သွင်းပြီး အနိုင်ရမယ့်လမ်းကို ပြသခဲ့ပါတယ်။ သူ့ရဲ့တုန့်ပြန်မှုက ဥပမာဖြစ်ပြီး ကျနော်တို့ အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ဆလိုဗေးနီးယားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: DailyMail