CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂

ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို အရေးနိမ့်ကာ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ဒီဘရိုင်းက သူ့ရဲ့နိုင်ငံအသင်းအနာဂတ်ကို စဉ်းစားဆုံးဖြတ်ဖို့ စောလွန်းတယ်လို့ ပြောခဲ့ပါတယ်။

ဒီဘရိုင်းက “နိုင်ငံအသင်းအနာဂတ်အတွက်ဖြေဖို့က စောလွန်းပါတယ်။ အလွန်ရှည်လျားတဲ့ ရာသီတစ်ခု ဖြစ်ခဲ့တာကြောင့် ကျနော့်ရဲ့ခန္ဓာကိုယ်ကို အနားပေးဖို့ လိုပါတယ်။ နွေရာသီအပြီးမှာ အနာဂတ်ကို ကျနော် ဆုံးဖြတ်မှာပါ” လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဗာတွန်ဂန်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပြင်သစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံ အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ဘယ်လ်ဂျီယံအသင်းဟာ ဘယ်ပြိုင်ပွဲကိုမှ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ခြင်းမရှိတော့တာပါ။ 

ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းရဲ့ ရှုံးပွဲ ကြောင့် စိတ်ပျက်နေပေမယ့် နိုင်ငံအသင်းအနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော်ပါဝင်ကစားထားတဲ့ ဒီဘရိုင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ယှဉ်ပြိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေနဲ့ ခြေစစ်ပွဲတွေမှာ နည်းပြ တီဒက်စ်ကိုရဲ့ အရေးပါတဲ့ အစိတ် အပိုင်းအဖြစ် ဆက်ပြီးရှိနေတာပါ။

တီဒက်စ်ကိုက “ဒါဟာ သူ့အတွက် ဘယ်လောက်အထိအရေးကြီးလဲဆိုတာ သူသိပါတယ်။ ဒါကို သူသိတဲ့အတွက်ကြောင့် ကျနော့်ရဲ့အမြင်ကို မလိုအပ်ပါဘူး။ ပွဲပြီးပြီးချင်းမှာ သူ့ကို ဒီလိုမေးခွန်းမျိုးမေးဖို့က ခက်ခဲပါတယ်”လို့ ဒီဘရိုင်းရဲ့မှတ်ချက်စကားအပေါ် ပြောခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် စက်တင်ဘာမှာ UEFA နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အစ္စရေး၊ပြင်သစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ESPN