CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
ဘယ်လ်ဂျီယံကစားသမားဟောင်းဟာဇက်က သူဟာ ရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးဖို့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တာမဟုတ်သလို ဒီလိုဖိအားတွေကို မီဒီယာတွေက ဖန်တီးခဲ့တာလို့ ပြောခဲ့ပါတယ်။
ဟာဇက်က “ရီးရယ်လ်မှာ ရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးဖို့က ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုရင် ကျနော့်အမြင်အရ ကျနော်ဟာ သူ့ရဲ့နေရာကို အစားထိုးဖို့ရှိခဲ့တာ မဟုတ်လို့ပါ။ ရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးမယ်ဆိုပြီး မီဒီယာသမားတွေက ပြောခဲ့တာ” လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားပြီးနောက် ချယ်လ်ဆီးအသင်းက ဟာဇက်ကို ခေါ်ယူခဲ့တာကြောင့် ဟာဇက်ဟာ ရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးမယ့်သူလို့ သတင်းတွေမှာ ဖော်ပြခဲ့တာပါ။
ဒါပေမယ့် ဟာဇက်က ရီးရယ်လ်အသင်းမှာ ရှိခဲ့တဲ့ သူ့ရဲ့အချိန်တွေကို ပြန်ပြောင်းပြီးပြောရာမှာ ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်မှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဟာဇက်ကတော့ သူနဲ့ ရော်နယ်လ်ဒိုတို့ဟာ ကစားပုံကွဲပြားပြီး သူဟာ တစ်ရာသီကို ဂိုး ၆၀၊ ၇၀ ဂိုးလောက် သွင်းယူနိုင်တဲ့သူမဟုတ်ဘဲ ဂိုးဖန်းတီးမှုနဲ့ တိုက်စစ်ပိုင်းကို ပိုကောင်းအောင် အာရုံစိုက်တဲ့သူလို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့တောက်ပခဲ့တဲ့ ဟာဇက်ကို အများကြီးမျှော်လင့်ခဲ့ပေမယ့် သူဟာ ဒဏ်ရာတွေ မကြာခဏရရှိမှု၊ ကြံ့ခိုင်မှုပိုင်းအားနည်းမှုနဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တာ ဖြစ်ပါတယ်။
ဟာဇက်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ ၄ ရာသီအတွင်း ၇၆ ပွဲသာကစားနိုင်ခဲ့ပြီး ၇ ဂိုးသွင်းယူကာ နောက်ပိုင်းမှာ စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရတာပါ။
ဟာဇက်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာအပြီးမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။
Source: Besoccer
