CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂

အယ်လ်နာဆာအသင်းဟာ ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ခါလီအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ အယ်လ်နာဆာအသင်းဟာ အယ်လ်ခါလီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၂ ဂိုးသွင်းယူကာ မာနေးက ၁ ဂိုးသွင်းယူခဲ့တာပါ။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရရှိခဲ့တဲ့ ပင်နယ်တီကို သူမကန်သွင်းဘဲ အသင်းဖော် မာနေးကို ပေးကန် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ၂ ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားထားပြီး ၄၄ ဂိုးသွင်းယူကာ ခြေစွမ်းပြသထားတာပါ။

ဆော်ဒီဘုရင့်ဖလားဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ရယူနိုင်စရာ တစ်လုံးတည်းသော ဆုဖလား လည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ဆော်ဒီစူပါဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရတာပါ။

အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး ဒီရာသီကို အဆုံးသတ် နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၆ ကြိမ်အထိ ရရှိထားပြီး နောက်ဆုံး ရရှိခဲ့တာက ၁၉၉၀ ခုနှစ်ကပါ။ 

အယ်လ်နာဆာအသင်းဟာ ၂၀၂၀ ခုနှစ်ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ဒီနှစ်ဗိုလ်လုပွဲမှာတော့ အယ်လ်ဟီလယ်အသင်းနဲ့ မေ ၃၁ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ 

အယ်လ်နာဆာအသင်းဟာ မေ ၄ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဝါဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: beinsports