CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့ကလပ် ကစားသမားဘဝ ပွဲပေါင်း ၇၀၀ ပြည့် နိုင်ပွဲဖြစ်ခဲ့တဲ့ အယ်လ်နာဆာအသင်းက အယ်လ်ဝါဆယ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက်မှာ အသက် ၄၀ နှစ်ပြည့်မယ့် ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ နောက်ထပ် သမိုင်း မှတ်တိုင်တစ်ခုကို ထပ်ပြီးစိုက်ထူနိုင်ခဲ့တာပါ။ 

အယ်လ်ဝါဆယ်အသင်းကို အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ဟာ ရော်နယ်ဒိုအတွက် အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက ဆော်ဒီကလပ်နဲ့အတူ ရယူနိုင်ခဲ့တဲ့ ၆၆ ပွဲမြောက်နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ 

၂၀၀၂ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီအသင်းနဲ့နိုင်ပွဲ ၁၃ ပွဲရယူနိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုဟာ နှစ်ကြိမ်ကစားခဲ့တဲ့ ယူနိုက်တက်အသင်းမှာ နိုင်ပွဲ ၂၁၄ ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းမှာတော့ ရော်နယ်ဒိုဟာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို နိုင်ပွဲလည်း အများကြီး ရယူနိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ ခုအထိ ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းမှာ ရော်နယ်ဒို ဟာ နိုင်ပွဲ ၃၁၅ ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းထံ မပြန်ခင် ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့တဲ့ ၃ ရာသီမှာ ရော်နယ်ဒိုဟာ နိုင်ပွဲ ၉၂ ပွဲ ရယူနိုင်ခဲ့တာပါ။ 

အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဘာစီလိုနာအသင်းမှာ ရယူနိုင်ခဲ့တဲ့ နိုင်ပွဲ ၅၄၂ ပွဲ အပါအဝင် ကလပ်ကစားသမားဘဝမှာ နိုင်ပွဲပေါင်း ၆၁၃ ပွဲ ရရှိထားတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်ဝါဆယ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုးဟာ ၉၂၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်တာပါ။ 

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းယူထားပါတယ်။ 

အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီး ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: ESPN