CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဖေဟာအသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ သူ့ရဲ့ကစားသမားဘဝ ၈၉၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ ပါတယ်။ 

အယ်လ်နာဆာအသင်းက အယ်လ်ဖေဟာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒို ဟာ ပြစ်ဒဏ်ဘောကန်ချက်ကနေ လှပတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ဒီဂိုးဟာ ရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၈၉၉ ဂိုးမြောက်ဂိုးဖြစ်ခဲ့ပြီး သွင်းဂိုး ၉၀၀ ပြည့်ဖို့ ၁ ဂိုးသာလိုတော့တာ ဖြစ်ပါတယ်။ 

ဒါအပြင် ဒီပွဲက ပြစ်ဒဏ်ဘောသွင်းဂိုးဟာ ရော်နယ်ဒိုအတွက် သူ့ရဲ့ကစားသမားဘဝမှာ သွင်းယူတဲ့ ၆၄ ဂိုးမြောက်ပြစ်ဒဏ် ဘောသွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။ 

အဲဒါကြောင့် ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားစာရင်းမှာ ဒေးဗစ်ဘက်ခမ်း၊ မက်ဆီတို့နဲ့ ၁ ဂိုးသာ ကွာတော့တာဖြစ်ပါတယ်။ 

ပြစ်ဒဏ်ဘောကနေ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားကတော့ ဘရာဇီးလ် ကစားသမား ဟောင်း ဂျုနင်ဟိုဖြစ်ပြီး ၇၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

 ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ အယ်လ်ဖေဟာအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ဒီရာသီ ဆော်ဒီ ပရိုလိဂ် ၂ ပွဲ ကစားအပြီးမှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ အပါအဝင် အယ်လ်နာဆာအသင်းအတွက် ကစားထားတဲ့ ၄ ပွဲမှာ ၄ ဂိုးသွင်းယူထားပြီး ၂ ဂိုး ဖန်တီးထားတာပါ။

ရော်နယ်ဒိုကတော့ သူဟာ အယ်လ်နာဆာအသင်းမှာ ကစားသမားဘဝကို အဆုံးသတ်နိုင်တယ်လို့ မကြာသေးခင်က အင်တာဗျူးမှာ ပြောထားခဲ့ပါတယ်။ 

ရော်နယ်ဒိုက “ကျနော်ဟာ မကြာခင် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်အတွင်းမှာ အနားယူမလားဆိုတာ မသိပါ ဘူး။ ဒါပေမယ့် အယ်လ်နာဆာမှာပဲ အနားယူဖို့က ဖြစ်နိုင်ပါတယ်။ ဒီကလပ်မှာ အလွန်ပျော်ရွှင်နေသလို ဒီနိုင်ငံမှာ နေရတာလည်း ကောင်းပါတယ်။ ဆော်ဒီမှာ ကစားရတာကို ပျော်ရွှင်နေပြီး ကျနော် ဆက်သွား ချင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက ပွဲပေါင်း ၇၄ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

Source: Dailymail