CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇

အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပြင်သစ်တောင်ပံကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ L'Equipe သတင်းမှာ ဖော်ပြထားပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုးမန်း အပါအဝင် ကလပ်ရဲ့ဝင်ငွေ အများအပြားရရှိတဲ့ ကစားသမား အများအပြား ကို ထွက်ခွာစေချင်နေတာကြောင့် ကိုးမန်းဟာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ကိုးမန်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့် နေတာ ဖြစ်ပါတယ်။ 

ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၉ နှစ်ကြာ ရှိခဲ့ပေမယ့် ဒီနွေရာသီမှာ ကစားသမားသစ်အချို့ ရောက်ရှိ လာမှုကြောင့် ထွက်ခွာရဖို့ရှိခဲ့တာပါ။

ကိုးမန်းကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်စီးတီး၊ ဘာစီလိုနာနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းတို့က စိတ်ဝင်စားနေပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ကိုးမန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၃ နှစ် ကျန်ရှိနေသေးတာကြောင့် ဂျာမန်ကလပ်ဟာ သူ့ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ လက်လွှတ်ဖို့တော့ မရှိပါဘူး။ 

 ကိုးမန်းကို တွေ့ရစဉ်

အငှားအပြောင်းအရွှေ့က ပိုပြီးဖြစ်နိုင်ပေမယ့် အပြောင်းအရွှေ့ လက်ကျန်ရက် အနည်းငယ်အတွင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ထပ်ပြီးစောင့်ကြည့်ရဖို့ ရှိနေတာပါ။ 

၂၀၁၅ ခုနှစ်မှာ ကနဦးအငှားနဲ့ ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးမန်းဟာ ၂၀၁၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၂၉၆ ပွဲ ပါဝင်ကစားကာ ၆၄ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဆုဖလား အများအပြား ရယူထားတဲ့ ကိုးမန်းဟာ ဒီရာသီမှာ အသင်းအတွက် ၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူခဲ့တာပါ။ 

ကိုးမန်းအနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကနေ မထွက်ခွာဖြစ်ခဲ့ရင် စက်တင်ဘာ ၁ ရက်မှာ ကစားမယ့် ဖရိုင်းဘတ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal