CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၆

ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ နယူးကာဆယ်အသင်းအတွက် ပါဝင်နိုင်ဖွယ်မရှိတဲ့ အင်္ဂလန်ကြယ်ပွင့် ဂေါ်ဒွန်ဟာ နွေရာသီမှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ 

ဧပြီလလယ်မှာ တင်ပါးဆုံရိုး ဒဏ်ရာရခဲ့တဲ့ ဂေါ်ဒွန်ဟာ ဘုန်းမောက်၊ အာဆင်နယ်အသင်းတို့နဲ့ ပွဲတွေမှာ နယူးကာဆယ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိတာပါ။

ဒဏ်ရာကနေ ဂေါ်ဒွန်ပြန်လည် ကောင်းမွန်လာတယ်လို့ ယူဆပြီးနောက် ကစားခဲ့တဲ့ ဘရိုက်တန်၊ နော်တင်ဟမ် ဖောရက်စ်အသင်းတို့နဲ့ပွဲတွေမှာလည်း နည်းပြအက်ဒီဟောင်းက သူ့ကို လူစာရင်းထဲ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက “သူမပါဝင်နိုင်တဲ့ ပွဲတွေမှာ အသင်းကောင်းမွန်စွာ ကစားနိုင်ခဲ့ တယ်လို့ ကျနော် ထင်ပါတယ်။ ဂေါ်ဒွန်ရဲ့ ကစားချိန် ကန့်သတ်မှုက လာမယ့် ရာသီအသင်းရဲ့ အစီအစဉ်တွေကို ထင်ဟပ်စေသလားဆိုရင်တော့ ဟုတ်ပါတယ်။ ကျနော်တို့ရဲ့ အာရုံစိုက်မှုက အနာဂတ်အတွက် တစ်စိတ်တစ်ပိုင်း ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။ 

ဂေါ်ဒွန်ကို တွေ့ရစဉ်

ဂေါ်ဒွန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံနေရပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ကလပ်အသင်းတွေရဲ့ ဆွေးနွေးမှုတွေက ဝေးကွာနေဆဲ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ဂေါ်ဒွန်အတွက် ယူရိုသန်း ၈၀ တောင်းဆိုထားပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပြောင်းရွှေ့ကြေးကို ပေးချေဖို့ မဖြစ်နိုင်ပါဘူး။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပြောင်းရွှေ့ကြေး ပမာဏကို လျှော့ချစေချင်နေပြီး ကလပ်အသင်း ၂ သင်းအကြားမှာ ဆွေးနွေးမှုတွေ စတင်နေပေမယ့် မြန်မြန် သဘောတူညီမှုရနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ၄၆ ပွဲ ကစားထားပြီး ၁၇ ဂိုး သွင်းယူထားတဲ့ ဂေါ်ဒွန်ရဲ့စာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိ ရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal