CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၈
ပြင်သစ်ကစားသမားဟောင်း ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းအတွက် သူ့ရဲ့နောက်ဆုံး အိမ်ကွင်းပွဲကို ပါဝင်ကစားခဲ့ပြီးနောက် အသင်းရဲ့ ချစ်ခင်မှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ ခဲ့မှုအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းက “အားလုံးကို ကျေးဇူးတင်ပြီး ဒါက အံ့သြစရာပါပဲ။ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့မိခဲ့တဲ့အတွက် ကျနော် ထပ်တောင်းပန်ချင်ပြီး အဲ့ဒီအချိန်တုန်းက ဒီမှာ ကျနော့်အပေါ်ထားတဲ့ ချစ်ခြင်းတွေကို သတိမပြုမိခဲ့ပါဘူး။ ကျနော်ဟာ ငယ်ရွယ်သေးတာကြောင့်လည်း အမှားလုပ်မိခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကျနော် သေချာပြန်စဉ်းစားပြီး ဒီမှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အရာအားလုံးကို လုပ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဒီနွေရာသီမှာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့တော့မယ့် ဂရစ်ဇ်မန်းကို ဂျီရိုနာအသင်းနဲ့ ပွဲအပြီးမှာ အက်သလက်တီကိုအသင်းက နှုတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းအတွက် ဂိုးအများဆုံး သွင်းယူထားသူဖြစ်သလို စတုတ္ထမြောက်ပွဲ အများဆုံး ကစားထားတဲ့သူလည်း ဖြစ်ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့ ပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဂရစ်ဇ်မန်းကို တွေ့ရစဉ်
၂၀၁၄ ခုနှစ်မှာ အက်သလက်တီကိုအသင်းထံ ရောက်လာခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာအသင်း ထံ ပြောင်းရွှေ့ခဲ့ပေမယ့် ၂ နှစ်အကြာမှာ အက်သလက်တီကိုအသင်းထံ ပြန်ရောက်လာခဲ့တာပါ။
ဂရစ်ဇ်မန်းက ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ခံစားရအောင် ပြုလုပ်ပေးခဲ့တဲ့ နည်းပြ ဆီမြွန်နီကို အလွန်ကျေးဇူးတင်ကြောင်းနဲ့ သူ့အတွက် တိုက်ပွဲဝင်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂရစ်ဇ်မန်းက လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်း မရှိပေမယ့် ဒီမှာရှိတဲ့အချစ်တွေက သူ့အတွက် အများကြီး တန်ဖိုးရှိပြီး ဒါကို သူ့ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ ဒီရာသီကိုလည်း ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီး လာလီဂါပြိုင်ပွဲမှာ အဆင့် ၄၊ ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဒုတိယနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: ESPN
