CNI Sport News

၂၀၂၆ ခုနှစ်၊ မတ် ၁၂

မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ ပြင်သစ်ကစားသမားဟောင်း ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ဂရစ်ဇ်မန်းက “ကျနော် ဒီမှာအလွန်ကောင်းမွန်နေသလို ကိုယ့်ကိုကိုယ်လည်း အလွန်ပျော်ရွှင်နေပါတယ်။ ကွင်းထဲမှာ ကျနော်လုပ်နေတဲ့အရာတွေက ကျနော်ဘာလဲဆိုတာပြသနေပြီး စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အဆုံးထိနေဖို့က ကျနော့်ရဲ့အတွေးထဲမှာရှိပါတယ်”လို့ Movistar TV ကိုပြောခဲ့တာပါ။ 

အော်လန်ဒိုစီးတီးအသင်းအားကစားဒါရိုက်တာဟာ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ဖြစ်မြောက်အောင် ဆွေးနွေးမှုတွေပြုလုပ်ဖို့ စပိန်နိုင်ငံကို အကြိမ်ပေါင်းများစွာသွားရောက်ခဲ့ပါတယ်။

အက်သလက်တီကို အသင်းဘက်တော့ ဒီအပြောင်းအရွှေ့ ထင်ကြေးတွေကို ငြင်းပယ်ပြီး ဂရစ်ဇ်မန်းဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

ဂရစ်ဇ်မန်းကလည်း သူ့ရဲ့အနာဂတ်ဟာ ဖလော်ရီဒါမှာမဟုတ်ဘဲ မက်ဒရစ်မှာရှိနေတယ်လို့ ပြောခဲ့တာပါ။

ဂရစ်ဇ်မန်းကို တွေ့ရစဉ်

အက်သလက်တီကိုအသင်းဟာ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ ရှိနေတာကလည်း ဂရစ်ဇ်မန်း ဆုံးဖြတ်ချက်ချဖို့ အဓိက အချက်တစ်ခုဖြစ်ခဲ့ပါတယ်။ 

ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းနဲ့အတူ ဆုဖလားရယူနိုင်ဖို့က သူ့ရဲ့အိပ်မက်နဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောထားတာပါ။ 

အော်လန်ဒိုစီးတီးအသင်းဟာ မေဂျာလိဂ်အပြောင်းအရွှေ့ပိတ်မယ့် မတ်လ ၂၆ ရက်မတိုင်မီ ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိရင် နောက်တစ်ကြိမ်အပြောင်းအရွှေ့ဖွင့်မယ့်အချိန်ထိ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

အော်လန်ဒိုစီးတီးအသင်းဟာ ဒီရာသီမေဂျာလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးအရေးနိမ့်ကာ ပေးဂိုး ၁၁ ဂိုးနဲ့ အဆင့်နောက်ဆုံးနေရာမှာရပ်တည်နေပါတယ်။