CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းဟာ အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ဂရစ်ဇ်မန်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် သူ့ရဲ့အဖွဲ့ဟာ ဖြစ်နိုင်ဖွယ် ရှိတဲ့ အပြောင်းအရွှေ့အတွက် အော်လန်ဒိုစီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
ဆွေးနွေးမှုတွေ ရှိနေပေမယ့် ဂရစ်ဇ်မန်းနဲ့ အော်လန်ဒိုစီးတီးအသင်းတို့ကြားမှာ ဘာသဘောတူညီမှုမှ ရခဲ့ခြင်း မရှိသေးပါဘူး။
ဂရစ်ဇ်မန်းဟာ မြောက်အမေရိကလိဂ်ထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး မေဂျာလိဂ်ကို သူ့ရဲ့ အနာဂတ် ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သစ် မချုပ်မီ LAFC အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရသေးတာပါ။

ဂရစ်ဇ်မန်းကို တွေ့ရစဉ်
ဂရစ်ဇ်မန်းက သူ့ရဲ့ရည်မှန်းချက်ဟာ မေဂျာလိဂ်မှာ အဆုံးသတ်ဖို့ ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်မှာ ESPN ကို ပြောခဲ့ ပါတယ်။
ဂရစ်ဇ်မန်းဟာ မေဂျာလိဂ်ထံ ဘယ်အချိန် ပြောင်းရွှေ့မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြောင်းရွှေ့ခဲ့မယ်ဆိုရင် နွေရာသီမှာ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အက်သလက်တီကိုအသင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် ကစားနေတဲ့ ဂရစ်ဇ်မန်းဟာ ပွဲပေါင်း ၁၈၀ ကျော် ကစားထားပြီး ၆၉ ဂိုး သွင်းယူထားပါတယ်။
ဆိုစီဒက်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ နောက်ထပ် စပိန်ကလပ်တွေ ဖြစ်တဲ့ အက်သလက်တီကိုနဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့ပါတယ်။
ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၀-၂၁ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ၂၀၂၄ ခုနှစ် မှာ နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။
Source: ESPN
