CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၂
မန်စီးတီးနဲ့ အင်တာမီလန်အသင်း တိုက်စစ်မှူးဟောင်းဂျက်ကိုဟာ ရှော်လ်ကေးအသင်းမှာထက် ပြင်သစ်လီဂူး-၁ မှာဆိုရင် တစ်နှစ်ကို ယူရို ၁ သန်းပိုပြီးရနိုင်ပေမယ့် ဒါကိုငြင်းပယ်ပြီး ရှော်လ်ကေးအသင်းထံ ပြောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဂျက်ကိုဟာ ရှော်လ်ကေးအသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါက ငွေကြေး အကြောင်းပြချက်ကြောင့်မဟုတ်ပါဘူး။
Sport Bild က ဘော့စနီးယားဝါရင့်တိုက်စစ်မှူးဟာ ရှော်လ်ကေးအသင်းထက် ပိုပြီးကောင်းတဲ့ကမ်းလှမ်းမှု တွေရခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဂျက်ကိုဟာ ရှော်လ်ကေးအသင်းမှာ တစ်နှစ်လုပ်ခအဖြစ် ယူရို ၃ သိန်းရရှိတယ်လို့ သိရပြီး ပြင်သစ်လီဂူးမှာဆိုရင် ၁ သန်းပိုရနိုင်မယ့် ယူရို ၁.၃ သန်းအထိရရှိနိုင်တာပါ။

ဂျက်ကိုအား တွေ့ရစဉ်
ဂျက်ကိုဟာ ပြီးခဲ့တဲ့လက Sport Bild နဲ့အင်တာဗျူးမှာ ငွေကြေးအများအပြားရရှိမယ့် ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ဒါကသူ့အတွက် အရေးမကြီးတာကြောင့် ရှော်လ်ကေးအသင်းထံ ပြောင်းရွှေ့ဖို့ ဒီကမ်းလှမ်းမှုတွေကို စွန့်လွှတ်ရတာ ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီရာသီအစပိုင်းက စီးရီးအေကလပ်ဖီအိုရင်တီးနားအသင်းမှာကစားခဲ့တဲ့ ဂျက်ကိုဟာ ရှော်လ်ကေးအသင်းကို ဘွန်ဒက်လီဂါပြိုင်ပွဲထံ တန်းပြန်တက်နိုင်အောင် ကူညီပေးနေတာပါ။
ရှော်လ်ကေးအသင်းဟာ ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာရပ်တည်နေပေမယ့် အဆင့် ၅ နေရာကအသင်းနဲ့ ၅ မှတ်သာကွာဟာတာကြောင့် လက်ကျန်ပွဲတွေမှာ နိုင်ပွဲတွေရယူနိုင်ဖို့ကြိုးပမ်းရဦးမှာဖြစ်ပါတယ်။
အသက် ၄၀ နှစ်ပြည့်တော့မယ့်ဂျက်ကိုဟာ ရှော်လ်ကေးအသင်းအတွက် ၇ ပွဲပါဝင်ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။
