CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

ဖလားပြိုင်ပွဲတွေရဲ့ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အင်တာမီလန် အသင်းနည်းပြ အင်ဇာဂီက သူတို့ အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် မန်စီးတီး အသင်းကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။


အင်ဇာဂီက “ဖလားပြိုင်ပွဲတွေရဲ့ ဘုရင်အဖြစ် နာမည်ပြောင်ရတာကို ကျနော်ကြိုက်ပါတယ်။ လာဇီယိုနဲ့ အင်တာမီလန်တို့မှာ အမြဲတမ်း တောင့်တင်းတဲ့ အသင်းရှိပါတယ်။ အဆုံးအဖြတ် ဗိုလ်လုပွဲတွေမှာဆိုရင် ကျနော်တို့ ဟာ အမြဲတမ်းတိုက်စစ်ဆင်သလို ခံစစ်ကိုလည်း ကောင်းမွန်စွာကစားပါတယ်။ မန်စီးတီးနဲ့ ပွဲမှာလည်း ကျနော်တို့ ဒီလိုပဲ လုပ်ဆောင်သွားမှာပါ။ ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြဖြစ်ပြီး ဒါကို ကျနော် အမြဲတမ်း ပြောနေ သလို မန်စီးတီးကိုလည်း အလွန်လေးစားပေမယ့် ကြောက်ရွံ့နေမှာတော့ မဟုတ်ပါဘူး။ မန်စီးတီးက ချန်ပီယံလိဂ် ဖလားကို ရယူဖို့ နှစ်ပေါင်းများစွာကြာ ကြိုးစားနေတာပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ အင်တာမီလန် အသင်းထက် ပိုပြီး ရေပန်း စားနေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်နဲ့ FA ဖလားကို ရယူထားပြီး အစ္စတန်ဘူလ်မှာ ကစားမယ့် ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်မှာပါ။

ဒါအပြင် တစ်ရာသီအတွင်း ဒီဆုဖလား ၃ လုံး စလုံး ရယူနိုင်တဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ စံချိန်ကို မန်စီးတီး အသင်း လိုက်မှီနိုင်မှာ ဖြစ်ပါတယ်။

အင်ဇာဂီကို တွေ့ရစဉ်

အသက် ၄၇ နှစ်အရွယ်ရှိ အင်ဇာဂီဟာ လာဇီယိုနဲ့ အင်တာမီလန် အသင်းတွေ ကိုင်တွယ်ချိန် ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ၇ ကြိမ်အထိ ရယူထားတာကြောင့် သူ့အသင်းက မန်စီးတီးအသင်းကို ပြဿနာဖြစ်စေနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အင်တာမီလန်အသင်းမှာ မန်စီးတီး တိုက်စစ်မှူးဟောင်း ဂျက်ကို၊ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ မစ်ခီတာရန်၊ ဒါမီယန်နဲ့ ချယ်လ်ဆီးကနေ အငှားလာရောက် ကစားနေတဲ့ လူကာကူစတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ပါဝင်နေပါတယ်။

အင်တာမီလန် အသင်းနည်းပြ အင်ဇာဂီဟာ ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီး အသင်းရဲ့ ကစားပုံကို လေ့လာခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

အင်ဇာဂီက “ဒီပွဲကို ပိုပြီးကြည့်လေ ဘာကြောင့် ဒီရလဒ်မျိုးတွေကို ရယူလာနိုင်လဲဆိုတာကို ပိုပြီး နားလည်လာ လေပါပဲ။ သူတို့က ပြီးပြည့်စုံတဲ့ အသင်းပါ၊ နည်းစနစ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမယ့် ကျနော်တို့ကလည်း ဗိုလ်လုပွဲအထိ ရောက်လာနိုင်အောင် ယှဉ်ပြိုင်လာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ သူတို့ရဲ့ ဘောလုံးကစား ချိန်ကို ကန့်သတ်ထားရမှာဖြစ်ပြီး ကွင်းမှာရှိနေတဲ့ နေရာတိုင်းကို အကောင်းဆုံး လုပ်ပြဖို့ လိုတယ်”လို့ ပြောခဲ့ပါ တယ်။

Source: Daily Mail