CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂

အင်္ဂလန်ဂိုးသမားဂျိမ်းစ်ထရက်ဖိုဒ့်ဟာ မန်စီးတီးအသင်းထံရောက်ရှိလာပြီး ၅ လအကြာမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဂျိမ်းစ်ထရက်ဖိုဒ့်အပြင် ဂျာမန်ဂိုးသမားအော်တေဂါကလည်း မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေပါတယ်။ 

ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘန်လေအသင်းကနေ အသင်းဟောင်း မန်စီးတီးအသင်းထံ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ နံပတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အီတလီဂိုးသမားဒွန်နာရမ်မာကို PSG အသင်းကနေ ခေါ်ယူခဲ့တာပါ။ 

ဒွန်နာရမ်မာရောက်ရှိလာအပြီးမှာ ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်းမရှိတော့ဘဲ လိဂ်ဖလား ၂ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲသာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ 

ဂျာမန်ဂိုးသမားအော်တေဂါကို တွေ့ရစဉ်

အဲ့ဒါကြောင့် ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ဇန်နဝါရီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေပြီး သူ့ကိုခေါ်ယူဖို့ နယူးကာဆယ်အသင်းက ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ 

အော်တေဂါလည်း ထွက်ခွာချင်နေတာကြောင့် မန်စီးတီးအသင်းဟာ ဒွန်နာရမ်မာရဲ့ အရန်ဂိုးသမားထားရှိဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချရတော့မှာပါ။ 

ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းထဲမှာ ပါဝင်ချင်တာကြောင့် ပုံမှန်ကစားခွင့်ရနိုင်မယ့် အသင်းထံပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက အီဒါဆန်ရဲ့နောက် ဒုတိယဂိုးသမားအဖြစ်ရှိခဲ့တဲ့ အော်တေဂါဟာ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ စတုတ္ထဂိုးသမားအဖြစ်ရှိနေတဲ့အတွက် အဝေးကွင်းပွဲစဉ်တွေကို လိုက်ပါခဲ့ရခြင်းမရှိပါဘူး။ 

အသက် ၂၃ နှစ်အရွယ်ရှိ ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၆ ပွဲပါဝင်ကစားထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်တော့ ပွဲဦးထွက်ပါဝင်ရခြင်းမရှိသေးတာဖြစ်ပါတယ်။