CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄

ချယ်လ်ဆီးအသင်းဟာ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းအပါအဝင် အသင်းတချို့ရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ စပိန်နောက်ခံလူ ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

၂၀၂၂ ခုနှစ်က ဘရိုက်တန်အသင်းကနေ ရောက်လာခဲ့တဲ့ ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ အစပိုင်းမှာ ဝေဖန်မှုအများအပြားခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အသင်းရဲ့အဓိက ကစားသမားဖြစ်လာခဲ့တာပါ။

ဒါ့အပြင် ကူကူရယ်လာဟာ ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံရတဲ့အထိ အကောင်းဆုံးခြေစွမ်းတွေကို ပြသထားတာ ဖြစ်ပါတယ်။ 

ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၅၀ ကျော်စီကစားခဲ့ပြီး ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။ 

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့်မရတာကြောင့် ကူကူရယ်လာရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ 

စပိန်နောက်ခံလူ ကူကူရယ်လာကို တွေ့ရစဉ်

ဒီအချိန်မှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်းမာရက်စ်ကာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခွင့်ရရင် ကူကူရယ်လာနဲ့ ပြန်ပြီးလက်တွဲဖို့ စိတ်ဝင်စားနေပြီး စပိန်ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတို့ကလည်း သူ့ကိုခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။ 

ချယ်လ်ဆီးအသင်းကတော့ ကူကူရယ်လာအတွက် သူတို့သတ်မှတ်ထားတဲ့ ယူရိုသန်း ၇၀ ပေးမယ်ဆိုရင် နွေရာသီမှာရောင်းချဖို့ အဆင်သင့်ဖြစ်နေပါတယ်။ 

ကူကူရယ်လာနဲ့ ချယ်လ်ဆီးအသင်းရဲ့စာချုပ်ဟာ နောက်ထပ် ၃ နှစ်ကျန်ရှိသေးတာပါ။

နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံနေရတာဟာ ကူကူရယ်လာတစ်ဦးတည်းသာ မဟုတ်ဘဲ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ရီးရယ်လ်အသင်းက စိတ်ဝင်စားနေပါတယ်။ 

ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြသစ် ဇာဘီအလွန်ဆိုဟာ သူတို့နှစ်ဦးကို အသင်းမှာ ဆက်ထိန်းဖို့ရှိ၊မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။