CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀

ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ ဘာစီလိုနာအသင်းကြယ်ပွင့်ကစားသမား အန်ဆုဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ အန်ဆုဖာတီနဲ့ ပတ်သက်တဲ့အစီအစဉ်တွေကို သိသိသာသာ ပြောင်းလဲ သွားခဲ့ပြီးနောက် စပိန်ကစားသမားဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာခဲ့တာပါ။

အန်ဆုဖာတီရဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်ဟာ ကစားသမားရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ကို အသိပေးနေတာဖြစ်ပါတယ်။

လာမာစီယာအကယ်ဒမီထွက် အန်ဆုဖာတီဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စိတ်ပျက်စရာ တွေကို ကြုံတွေ့ခဲ့ရပေမယ့် နည်းပြ ဇာဗီလက်အောက်မှာ နေရာရဖို့အတွက် တိုက်ပွဲဝင်ချင်နေတယ်လို့ စပိန် သတင်းတွေက ဖော်ပြထားတာပါ။ ဒါပေမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ နီးကပ်လာချိန်မှာတော့ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေနေပြီး အန်ဆုဖာတီက သူတို့ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အန်ဆုဖာတီကို အသင်းရဲ့ အနာဂတ်ကစားသမားအဖြစ် သတ်မှတ်ထားပြီး မက်ဆီထွက်ခွာသွားချိန်မှာ ကျောနံပတ် ၁၀ ဂျာစီကိုပေး ဝတ်ဆင်ခဲ့တာပါ။ ဘာစီလိုနာအသင်းနဲ့ အန်ဆုဖာတီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်း ရှိနေတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ဆုဖာတီဟာ စပိန်ကလပ်အတွက် ၁၁၂ ပွဲ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူထားကာ လာလီဂါ၊ကိုပါဒယ်လ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ရယူထားနိုင်ခဲ့ တာပါ။ အန်ဆုဖာတီဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၉ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားကာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ချန်ပီယံဆုကို ရရှိထားတာဖြစ်ပါတယ်။

Source:Goal