CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀

ရာပီနိုးဟာ တောင်အာဖရိကအသင်းနဲ့ ခြေစမ်းပွဲမှာ အမေရိကန်အမျိုးသမီးအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားမယ်လို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ ဒီ ခြေစမ်းပွဲကို စက်တင်ဘာ ၂၄ ရက် ချီကာဂိုမှာ ကျင်းပသွားမှာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ NWSL လိဂ်ပြိုင်ပွဲပြီးဆုံးမယ့် နိုဝင်ဘာလမှာ ကစားသမားဘဝက အနားယူ တော့မယ်လို့ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ကြေညာခဲ့တာဖြစ်ပါတယ်။ ဝါရင့်ရှေ့တန်း ကစားသမားဟာ အမေရိကန်အမျိုးသမီးအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်ကပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ 

ရာပီနိုးဟာ အမေရိကန်အသင်းကို ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင်လည်း ကူညီပေးနိုင် ခဲ့ပါတယ်။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ ရာပီနိုးဟာ ဆွီဒင်အသင်းနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ အမေရိကန်ကစားသမား ၃ ဦးထဲမှာ ၁ ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

ရာပီနိုးက “လူတွေက ကျမကစားသမားဘဝကနေ အနားယူသွားလို့ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ကောင်းထင်ကြပေမယ့် ပွဲတွေကစားခဲ့တဲ့ နှစ်ပေါင်း ၃၀ ကို ပြန်ပြီးတွေးကြည့်ရင် ဝမ်းသာရပါတယ်။ ဒါဟာမယုံနိင်စရာခရီးစဉ်တစ်ခုပါပဲ။ ကျမနိုင်ငံအတွက် နောက်ဆုံးအခွင့်အရေးကို ရခဲ့တာကတော့ ထူးခြား ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ နှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့ အသင်းဖော် တွေနဲ့ အားလုံးကို ကျေးဇူးတင်ဖို့ အခွင့်အရေးရမှာပါ” လို့ ပြောခဲ့ပါတယ်။

ရာပီနိုးဟာ အမေရိကန်အသင်းအတွက် ၂၀၃ ပွဲ၊ သွင်းဂိုး ၆၃ ဂိုး၊ ဂိုးဖန်တီးမှု ၇၃ ဂိုးနဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့မှာပါ။ ရာပီနိုးဟာ LGBT+ အခွင့်အရေးတွေနဲ့ အမျိုးသမီးဘောလုံး သမားတွေအတွက် လစာတန်းတူညီမျှရရှိဖို့အတွက် တိုက်ပွဲဝင်နေတဲ့သူအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။

Source:ChannelNewsAsia