CNI International News

ဂျိုဟန်နက်စဘတ်ချ်၊ သြဂုတ် ၁၈

ကမ္ဘာ့အရေးတွင် အနောက်အုပ်စု၏ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်နိုင်မည့် ပထဝီနိုင်ငံရေး အင်အားစုအဖြစ် ပြောင်းလဲ ရေးအတွက် ဆွေးနွေးရန် BRICS အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် လာမည့်သီတင်းပတ်တွင် တောင်အာဖရိကနိုင်ငံတွင် အစည်းအဝေး တစ်ရပ် ကျင်းပမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ ဖွဲ့စည်းထားသည့် BRICS အဖွဲ့၏ အဆိုပါ အစည်းအဝေးသို့ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှုများဖြင့် နိုင်ငံတကာဖမ်းဝရမ်း ထုတ်ခံထားရသည့် ရုရှားသမ္မတပူတင် တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။ 

တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၊ ဘရာဇီးလ်သမ္မတ လူးစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ (Modi) တို့အပြင် ကမ္ဘာ့တောင်ခြမ်းမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်

BRICS အဖွဲ့ဝင် နိုင်ငံများအကြား မတူကွဲပြားမှုများ ရှိနေသည့်တိုင် တူညီသည့် သဘောထား တစ်ခုမှာ အမေရိကန်နှင့် ၎င်း၏ ချမ်းသာကြွယ်ဝသည့် မဟာမိတ်နိုင်ငံများသည် နိုင်ငံတကာ စံချိန်စံညွှန်းများကို ပြဋ္ဌာန်းခဲ့ သော်လည်း ထိုစံနှုန်းများကို ၎င်းတို့ကိုယ်တိုင် လိုက်နာကျင့်သုံးခြင်း မရှိဆိုသည့်အချက် ဖြစ်သည်။

သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်မည့် BRICS အစည်းအဝေးအတွင်း ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ အနည်းငယ်သာ ထွက်ပေါ်ခဲ့သော်လည်း ထိုအစည်းအဝေးကို တက် ရောက်ရန် စိတ်ဝင်စားသည့် နိုင်ငံပေါင်း ၄၀ ခန့် ရှိသည်ဟု တောင်အာဖရိကက ပြောကြားခဲ့သည်။

ထိုနိုင်ငံများအနက် ဆော်ဒီအာရေဗျ၊ အာဂျင်တီးနားနှင့် အီဂျစ်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။

တရုတ်သည် အမေရိကန်နှင့် ပထဝီနိုင်ငံရေး သြဇာလွှမ်းမိုးမှုကို ယှဉ်ပြိုင်ရန် BRICS အဖွဲ့ကို ပိုမိုအင်အား တောင့် တင်းစေရန် ကြိုးပမ်းနေသော်လည်း ဘရာဇီးလ်နိုင်ငံကမူ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ၎င်း၏ သြဇာလျော့ နည်းနေသည့် အနေအထားကြောင့် BRICS အဖွဲ့ကို အင်အားချဲ့ထွင်ရန် တွန့်ဆုတ်နေသည်။

ရုရှားကတော့ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရသည့် အခြေအနေကို တန်ပြန် ရန် မိတ်ဖက်နိုင်ငံများကို လိုအပ်နေသဖြင့် BRICS တွင် အဖွဲ့ဝင်နိုင်ငံအသစ်များ ပိုမိုပါဝင်လာစေရန် ကြိုးပမ်းနေ သည်။ 

BRICS အဖွဲ့၀င် ခေါင်းဆောင်များကိုတွေ့ရစဉ်

အထူးသဖြင့် ရုရှားအတွက် အာဖရိကတွင် အရေးအကြီးဆုံး မဟာမိတ်နိုင်ငံမှာ တောင်အာဖရိကနိုင်ငံ ဖြစ်သည်။

အိန္ဒိယနိုင်ငံကမူ အနောက်အုပ်စုနှင့် BRICS အဖွဲ့အကြား ကြားနေရပ်တည်မည့် ပုံစံမျိုး ရှိနေသည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။ 

တောင်အာဖရိကတွင် ပြုလုပ်မည့် ၁၅ ကြိမ်မြောက် BRICS အစည်းအဝေး၏ ခေါင်းစဉ်မှာ "BRICS နှင့် အာဖရိက" ဖြစ်ပြီး ထိုအစည်းအဝေးအတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုများနှင့်အတူ BRICS အဖွဲ့အတွင်း ဆက်ဆံရေးများကို မည်ကဲ့သို့ တည်ဆောက်မည်ဆိုသည့် အချက်ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ 

BRICS အဖွဲ့ဝင် ငါးနိုင်ငံ၏ လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ထိုငါးနိုင်ငံ၏ စီးပွားရေး အင်အား စုစုပေါင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏ လေးပုံတစ်ပုံ ရှိသည်။

Source: ရိုက်တာ