CNI International Article

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃

Straits Times သတင်းစာ၏ အယ်ဒီတာချုပ်ဟောင်း ဝါရင် ဖာနန်ဒက်စ် (Warren Fernandez) သည် မေလ ကုန်ပိုင်းက စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရှန်ဂရီလာဆွေးနွေးပွဲ (SLD) မှတဆင့် ပြန်လည်သုံးသပ်ဆင်ခြင်စရာ အချက် ၃ ချက်ကို ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ထိုဆောင်းပါးကို Straits Times  သတင်းစာက ဖော်ပြခဲ့ သည်။

ရှန်ဂရီလာ ဆွေးနွေးပွဲတွင် သုံးသပ်ရမည့် အချက် ၃ ချက်မှာ (၁) အင်အား အလတ်စား နိုင်ငံများ ပါဝင်သည့် မဟာမိတ် အဖွဲ့အစည်းများသည် အင်အားကြီးနိုင်ငံများ၏ စစ်ရေးအာဏာနေရာတွင် အစားထိုး ဝင်ရောက်နိုင်ခြင်း ရှိ/မရှိ၊ (၂) ရှန်ဂရီလာဆွေးနွေးပွဲသည် ကြားနေ ပလက်ဖောင်း ဟုတ်/မဟုတ်၊ (၃) နိုင်ငံခြားရေးမူဝါဒတွင် ဟန့်တား ခြင်း မဟာဗျူဟာနှင့် သံတမန်ရေးရာတို့သည် တန်းတူအရေးပါမှု ရှိ/မရှိ ဆိုသည့် အချက်များပင် ဖြစ်သည်။

ယခု အဆိုပါ အချက်များကို နောက်ဆုံးအချက်မှ စတင်သုံးသပ်ကြည့်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဟန့်တားခြင်း မဟာဗျူဟာသည် ကျန်အချက်များ အားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခု ဖြစ်နေ ခြင်းကြောင့် ဖြစ်သည်။

တရုတ်က စပရက်တလေကျွန်းစုမှာ ကျွန်းတုတွေ တည်ဆောက်နေစဉ် 

ဟန့်တားခြင်း မဟာဗျူဟာနှင့် သံတမန်ရေးရာသည် တန်းတူအရေးပါမှု ရှိ/မရှိ
**********************************************************************

နိုင်ငံတကာ ဆက်ဆံရေးတွင် သံတမန်နည်းလမ်းဖြင့် ဆွေးနွေးခြင်းသည် စစ်ရေးအရ ဟန့်တားနိုင်စွမ်းရှိပြီးမှသာ အလုပ်ဖြစ်လေ့ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်အင်အားရှိမှသာ သံတမန်နည်းလမ်းလည်း အလုပ်ဖြစ်မည် ဖြစ်သည်။

ပြဿနာတစ်ခု ဖြစ်လာခဲ့မည်ဆိုပါက ရန်သူဘက်က ကျူးကျော် တိုက်ခိုက်လျှင် ရမည့် အကျိုးအမြတ်ထက် ပေးဆပ်ရမည့် ဆုံးရှုံးမှုက ပိုကြီးမားမည်ဟု တွက်ချက်မိမှသာ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာတတ်သည်။ 

နောက်ကွယ်တွင် ခိုင်မာသော စစ်အင်အားမရှိဘဲ သံတမန်ရေး သက်သက်ဖြင့် အင်အားကြီးနိုင်ငံများကို လိုက်လျောအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဆောင်းပါးရှင် ဖာနန်ဒက်စ်က စစ်မတိုက်ဘဲ အနိုင်ယူခြင်းဆိုသည့် ဆွန်ဇူး (Sun Tzu) ၏ စစ်သေနင်္ဂဗျူဟာ ကျမ်းကို ကိုးကားခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုဗျူဟာသည် စစ်တိုက်ခြင်းဟာ အကျိုးအကြောင်းမရှိတဲ့ လုပ်ရပ်ဟု ရန်သူဘက်က တွက်ချက်မိသည့် အချိန်မှသာ အလုပ်ဖြစ်မည်ဖြစ်ပြီး ထိုကဲ့သို့ တွက်ချက်မိအောင် လုပ်ဆောင်ပေးနိုင်သည့် အချက်သည် ဟန့်တား ခြင်း မဟာဗျူဟာ ဖြစ်သည်။

ဥပမာပြရလျှင် ဥရောပသည် ရုရှားနှင့် စီးပွားရေးအရ ချိတ်ဆက်ထားလျှင် ငြိမ်းချမ်းမည်ဟု ယူဆကာ စစ်အင်အား ကို လျှော့ချခဲ့သည်။

ရလဒ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ချိန်၌ ဥရောပနိုင်ငံများသည် ရုရှားကို မဟန့်တားနိုင်ခဲ့ပေ။ 

ထို့ကြောင့်  စီးပွားရေးမှတဆင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဆိုသည့် ဥရောပ၏ အယူ အဆသည် တက်တက်စင်အောင် မှားယွင်းသွားခဲ့သည်ကို မြင်တွေ့ရသည်။

တောင်တရုတ်ပင်လယ် အရေးကိစ္စတွင်လည်း အာဆီယံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ကိုသာ ဦးတည် လုပ်ဆောင်နေချိန်တွင် တရုတ်နိုင်ငံကမူ စပရက်တလေကျွန်းစု (Spratly Islands)၌  သင်္ဘောဖျက် ဒုံးကျည် တပ်ဖွဲ့များနှင့် လေယာဉ်ပြေးလမ်းများ ပါဝင်သော လူလုပ်ကျွန်းတု ၇ ကျွန်းကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် စာရွက်ပေါ်မှ ကျင့်ဝတ်စည်းကမ်းများသည် မြေပြင်က ပကတိအခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိပါ။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သူ ဘီလာဟာရီ ကော်ဆီကန်ကို တွေ့ရစဉ်

ရှန်ဂရီလာဆွေးနွေးပွဲသည် ကြားနေပလက်ဖောင်းလား
*************************************************

တရုတ်ကာကွယ်ရေးဝန်ကြီးသည် ယခုနှစ်တွင်လည်း ရှန်ဂရီလာဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် တရုတ်ကာကွယ်ရေးဝန်ကြီးသည် ရှန်ဂရီလာဆွေးနွေးပွဲတွင် ၂ နှစ်ဆက်တိုက် ပါဝင်ခဲ့ခြင်းမရှိပေ။

သို့သော် တရုတ်ကာကွယ်ရေးဝန်ကြီး ဆွေးနွေးပွဲ တက်ခြင်း၊ မတက်ခြင်းသည် အဓိက အချက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှန်ဂရီလာဆွေးနွေးပွဲကို အမေရိကန်နှင့် အနောက်နိုင်ငံများကသာ လွှမ်းမိုးချုပ်ကိုင် ထားသည့် ပလက်ဖောင်းတစ်ခုအဖြစ် တရုတ်က ရှုမြင်ထားခြင်းကြောင့်ဖြစ်သည်။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သူ ဘီလာဟာရီ ကော်ဆီကန် (Bilahari Kausikan) ကလည်း ယခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲ၏ သီးခြား ဆွေးနွေးမှုတစ်ခုတွင် “ရှန်ဂရီလာ ဆွေးနွေးပွဲ ဆိုတာ အခြေခံအားဖြင့် အမေရိကန်နိုင်ငံကို အရှေ့တောင်အာရှမှာ အမြစ်တွယ်နေအောင် အမြဲတမ်း လုပ်ဆောင် ပေးတဲ့နေရာ ဖြစ်ပါတယ်” ဟု အတိအလင်း ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်သည် ၎င်းတို့ကိုယ်တိုင် ဦးဆောင် ကျင်းပသည့် ရှန်ရှန်းဖိုရမ် (Xiangshan Forum) သို့မဟုတ် ၎င်းတို့ အသာစီးရနိုင်မည့် မြူးနစ်လုံခြုံရေးညီလာခံ ကဲ့သို့သော နေရာများကိုသာ ရွေးချယ်တက်ရောက်ခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် တရုတ်၏ စစ်ရေးအာဏာကို လက်ခံသတ်မှတ်ထား သည့်  အင်ဒို-ပစိဖိတ် အိမ်နီးချင်းနိုင်ငံများသို့ မသွားဘဲ တရုတ်၏ အာဏာစက်အတွက် အားနည်းချက် အရှိဆုံး နေရာများကိုသာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှန်ဂရီလာ ဆွေးနွေးပွဲသည် ကြားနေပလက်ဖောင်း မဟုတ်ဘဲ အမေရိကန် ဘက်ယိမ်းသည့် ဆွေးနွေးပွဲဟု ယူဆနိုင်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်ကို တွေ့ရစဉ်

အင်အားအလတ်စားနိုင်ငံများ၏ အခန်းကဏ္ဍ
***************************************

အင်အားအလတ်စား နိုင်ငံများပါဝင်သည့် မဟာမိတ် အဖွဲ့အစည်းများသည် အင်အားကြီးနိုင်ငံများ၏ စစ်ရေး အာဏာနေရာတွင် အစားထိုး ဝင်ရောက်နိုင်ခြင်း ရှိ/မရှိဆိုသည့် အချက်သည် ကျယ်ပြန့်သည့် ပြဿနာ တစ်ခုဖြစ်သည်။

ဆောင်းပါးရှင် ဖာနန်ဒက်စ်က ၎င်း၏ဆောင်းပါးတွင်  အင်အားအလတ်စား နိုင်ငံများသည် ပြောင်းလဲနေသော ကမ္ဘာကြီးတွင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရုံတင်မကဘဲ ထိုကမ္ဘာကြီးကို ၎င်းတို့စိတ်ကြိုက် ပုံဖော် ထုဆစ်နိုင်မည့် ကိုယ်ပိုင်သြဇာအာဏာကို ရှာဖွေနေကြခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။

သို့သော် နိုင်ငံအချင်းချင်း စာချုပ်များချုပ်ခြင်း၊ အစည်းအဝေးများ လုပ်ခြင်းသည် တကယ့်စစ်ရေးအရ ဟန့်တား နိုင်စွမ်း ရှိခြင်းနှင့် မတူပါ။

အင်အားကြီးနိုင်ငံ တစ်ခုကို ဟန့်တားနိုင်ရန် စစ်မှန်သည့် စစ်အင်အား၊ စက်မှုစွမ်းအားနှင့် ပြတ်သားသော နိုင်ငံရေး ဆုံးဖြတ်ချက်တို့ လိုအပ်သည်။

အင်အားအလယ်အလတ်တန်းစား နိုင်ငံများအတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေခြင်းသည် အမေရိကန်နှင့် တရုတ် အပြန်အလှန် ထိန်းကျောင်းနေသည့် အင်အားချိန်ခွင်လျှာအပေါ်တွင် တည်မှီနေသည်။ ထိုချိန်ခွင်လျှာ ပျက်သွားပါက နိုင်ငံငယ်များ၏ သံတမန်ရေးသည်လည်း ရပ်တည်နိုင်မည် မဟုတ်ပေ။

ရှန်ဂရီလာဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ပြောကြားခဲ့ သည့် စကားမှာ ကိုယ့်ဘက်က အသာစီးရမည့် အင်အားချိန်ခွင်လျှာတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် စစ်ရေး အင်အား ပကတိရှိပြီး စက်မှုစွမ်းအား၊ ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် နိုင်ငံရေးဆိုင်ရာ ပြတ်သားသည့် မဟာမိတ် များ လိုအပ်သည်ဆိုသည့် မှတ်ချက်စကားသည် မှန်ကန်နေသည်။

စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်းကို တွေ့ရစဉ် 

နှစ်ဖက်စလုံးနှင့် တည့်အောင်နေခြင်း
********************************* 

လက်ရှိအချိန်အထိ စင်္ကာပူသည် အမေရိကန်၊ တရုတ် နှစ်ဖက်စလုံးနှင့် မိတ်ဆွေအဖြစ် ရပ်တည်နိုင်ရန် ၎င်း၏ စစ်ရေးနှင့် စီးပွားရေးကို ဟန်ချက်ညီညီ ကစားခဲ့သည်။

စစ်ရေးအရ ကြည့်မည်ဆိုပါက စင်္ကာပူသည် ၁၉၉၀ ပြည့်နှစ်ကတည်းက အမေရိကန်တပ်များကို စစ်အခြေစိုက် စခန်း သုံးခွင့်ပေးခဲ့ပြီး ထိုသဘောတူညီချက်ကို ၂၀၃၅ အထိ သက်တမ်းတိုးထားသည်။ ထို့ပြင် ၂၀၂၅ တွင် အမေရိကန်ထုတ် P-8A ရေကြောင်း ကင်းလှည့်လေယာဉ်များ ဝယ်ယူခဲ့သည်။

ထို့ပြင် တရုတ်နှင့်လည်း ၂၀၀၈ ခုနှစ်မှစပြီး ကာကွယ်ရေး ဆက်ဆံရေးကို တရားဝင် စတင်ခဲ့ပြီး ၂၀၁၉ တွင် ကာကွယ်ရေးဆိုင်ရာ ဖလှယ်မှုသဘောတူညီချက် (ADESC) ကို တိုးမြှင့်ခဲ့သည်။

စီးပွားရေးတွင်လည်း ထို့နည်းတူပင်ဖြစ်သည်။ စင်္ကာပူသည် အမေရိကန်ဦးဆောင်သော လုံခြုံရေးစနစ် အောက်တွင် ပင်လယ်ရေကြောင်း တည်ငြိမ်မှုကို ရယူသည်။ 

ထို့ပြင် တရုတ်၏ နိုင်ငံတကာ ကုန်းလမ်း-ရေလမ်း ကုန်သွယ်ရေးစင်္ကြံအသစ်တွင် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာ တစ်ခုအဖြစ် ပါဝင်ထားသည်။

ထို့ကြောင့် ယခုနှစ် ရှန်ဂရီလာဆွေးနွေးပွဲတွင် စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ချန်ချွန်ဆင်း (Chan Chun Sing) က စင်္ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင် (Goh Chok Tong) ၏ ဆိုရိုးစကားကို ကိုးကားပြောဆိုခဲ့သည်။

“ကျနော်ဟာ ပင်လယ်ပြင်ကိုတော့ မထိန်းချုပ်နိုင်ပေမယ့် ကျနော်တို့ရဲ့ သင်္ဘောကို ပင်လယ်ပြင်မှာ ခရီးနှင်နိုင် သည့် ကြံ့ခိုင်မှုရှိအောင် လုပ်ထားနိုင်ပါတယ်”ဆိုသည့် ဆိုရိုးစကားသည် အလွန်မှန်ကန်လှသည်။

သို့သော် သင်္ဘောသည် ကြံ့ခိုင်ရုံတင်မကဘဲ မည်သည့် အင်အားကြီးနိုင်ငံကမျှ အပိုင်စီးမထားသည့် လွတ်လပ် သော ပင်လယ်ရေကြောင်း လမ်းကြောင်းများ ရှိနေရန်ပါ လိုအပ်လှပေသည်။

Source: Asia Times