CNI International News

ဘေဂျင်း၊ သြဂုတ် ၂၅

တရုတ်သည် ၎င်း၏ စစ်တပ်ကို ခေတ်မီတိုက်ပွဲဝင် အင်အားစု တစ်ခုအဖြစ် ပြောင်းလဲနေပြီး ကာကွယ်ရေးပစ္စည်း များ ထုတ်လုပ်သည့် နယ်ပယ်အား ပိုမိုချဲ့ထွင်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုကို တိုးမြှင့်နေခြင်းသည် တရုတ်စစ်တပ်၏ ရည်မှန်းချက်များအား အထောက်အကူပြုစေပြီး စစ်ပွဲဖြစ်ပွားသည့် ကာလမှာပင် အရပ်ဘက် ကုန်ထုတ်လုပ်ရေးကဏ္ဍကြောင့် ကာကွယ်ရေးကဏ္ဍသည် မြင့်တက်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်၏ အရှေ့မြောက်ပိုင်း ရှန်ယန်း (Shenyang) မြို့သည် တရုတ်၏ ကာကွယ်ရေး ထုတ်လုပ်မှုကဏ္ဍ၏ အနာဂတ်ဖြစ်ပြီး ဘောလုံးကွင်းပေါင်း ၆၀၀ ကျော် အရွယ်အစားရှိသည့် မြေနေရာတွင် ကြီးမားသည့် လေကြောင်း ကာကွယ်ရေး အဆောက်အအုံတစ်ခု တည်ဆောက်မည်ဖြစ်သည်။

ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး ဇူလိုင်လ အစောပိုင်းက ပြည်နယ်ရုပ်သံလိုင်းများတွင် ဗွီဒီယို မှတ်တမ်းများ ထွက်ပေါ်ခဲ့သည်။

ထိုအဆောက်အအုံသစ်များ ဆောက်လုပ်မှုကို ပိုင်ဆိုင်သည့် Shenyang Aircraft Corporation ကုမ္ပဏီသည် တရုတ်၏ လေယာဉ်တင် သင်္ဘောပေါ်မှ ပျံတက်နိုင်သော J-15 တိုက်လေယာဉ်နှင့် တရုတ်၏ နောက်ဆုံးပေါ် J-35 ကိုယ်ပျောက် တိုက်လေယာဉ်တို့ကို ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

လျောင်နင် (Liaoning ) ပြည်နယ် အုပ်ချုပ်ရေးမှူး ဝမ် ရှင်းဝေ (Wang Xinwei) ကလည်း ကမ္ဘာ့အဆင့်ရှိသည့် လေကြောင်းနှင့် အာကာသ မြို့တော်ကို တည်ဆောက်သွားမည်ဟု ကတိပြုခဲ့သည်။

ထုတ်လုပ်မည့် ပစ္စည်းများနှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်းမရှိဘဲ တရုတ်သည် ထိုကဲ့သို့ စစ်ဘက်သုံး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံများကို စည်းကမ်း တင်းကျပ်ထားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က အသုံးပြုနေသည့် စစ်လက်နက်များသည် ပိုမိုခေတ်မီ လာသကဲ့သို့  ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲများ ဖြစ်ပွားလာခဲ့ချိန်၌ တရုတ်သည် လက်နက် ထုတ်လုပ်မှုအရှိန်ကို မြှင့်တင်ရန် အာရုံစိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စစ်အင်အားနှင့် လက်နက်အင်အားများ မြှင့်တင်မှုသည် ထိုင်ဝမ်ရေလက်ကြားနှင့် အမေရိကန်ကဲ့သို့ ပြိုင်ဘက်များနှင့် ထိပ်တိုက်တွေ့မှု အပါအဝင် ပဋိပက္ခများတွင် အနိုင်ရရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း တရုတ်က ယူဆထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: South China Morning Post