CNI International News
ဘေဂျင်း၊ မေလ ၁၃
လာမည့် ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ကြား တွေ့ဆုံချိန်တွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ပါက တရုတ်နိုင်ငံဘက်မှ အသာစီးရသည့် အခြေအနေဖြစ်သည်ဟု တရုတ်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထရမ့်သည် မေလ ၁၃ ရက်မှ မေလ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး ရှီနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်။
ထိုဆွေးနွေးပွဲများအတွင်း ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဆိုပါက ထရမ့်၏ ပထမသက်တမ်း ကာလ က အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုအချိန်သည် တရုတ်နိုင်ငံဘက်မှ အသာစီးပိုရမည့် အခြေအနေတွင် ရှိနေ ကြောင်း တရုတ်ပြည်မကြီးအရေး ကျွမ်းကျင်သူ ဝူယံဖိန် (Wu Yongping)က ပြောကြားခဲ့သည်။
ထရမ့်နှင့်ရှီတို့ တွေ့ဆုံချိန်တွင် ထိုင်ဝမ်အရေးကို ကျိန်းသေ ဆွေးနွေးလိမ့်မည်ဟုလည်း ဘေဂျင်းမြို့တော်ရှိ ဆင်းဟွာတက္ကသိုလ် (Tsinghua University)မှ ထိုင်ဝမ်လေ့လာရေးအင်စတီကျု၏ အကြီးအကဲ ဝူက ပြောသည်။
တရုတ်အစိုးရ အနေဖြင့် ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်သည့် မည်သည့် ထုတ်ပြန်ချက်ကိုမဆို ကြိုဆိုမည် ဖြစ်ပြီး ထိုင်ဝမ်အတွက် လွတ်လပ်ရေး အခွင့်အလမ်းမှာ ပိုမိုကျဉ်းမြောင်းလာပြီဟု ယူဆကြောင်း ဝူက အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်
ထရမ့်နှင့် ရှီတို့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တောင်ကိုရီးယားနိုင်ငံတွင် တွေ့ဆုံခဲ့ချိန်အတွင်း ထိုင်ဝမ် အရေးနှင့် ပတ်သက်၍ ထူးထူးခြားခြား နှုတ်ဆိတ်နေခဲ့ကြသည်။
သို့သော် ထိုင်ဝမ်အရေးသည် ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က မကြာသေးမီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ရူဘီယိုတို့ ဖုန်းဖြင့် ဆွေးနွေးချိန်အတွင်း ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အကြီးမားဆုံးသော အန္တရာယ်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့ပြီး ရက်ပိုင်း အကြာတွင် ရူဘီယို၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်အစိုးရ အနေဖြင့် ထိုင်ဝမ်အရေးကို တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေး မူဘောင်အတွင်း၌သာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားပြီး၊ ထရမ့်ဘက်ကလည်း ၎င်း၏ ပထမသက်တမ်းနှင့် နှိုင်းယှဉ်ပါက ထိုင်ဝမ်အရေး ကိစ္စအပေါ် အာရုံစိုက်မှု လျော့နည်း လာသောကြောင့် ကြီးမားသော အပြောင်းအလဲများ ဖြစ်လာ ဖွယ် မရှိကြောင်း ဝူက သုံးသပ်ခဲ့သည်။
Source: South China Morning Post
